ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၂) တိုင်းရင်းဆေ...
  5. ၁၂-၃ ဥတုဘောဇန သင်္ဂဟကျမ်းလာ ကျန်းမာစေကြောင်း နည်းလမ်းကောင်းများ

၁၂-၃ ဥတုဘောဇန သင်္ဂဟကျမ်းလာ ကျန်းမာစေကြောင်း နည်းလမ်းကောင်းများ

အိပ်ရာထမှုသတိပြု

  • နေမထွက်မီ (၂) နာရီခန့်အလို၊ အိပ်ရာထရာ၏။
  • ရှေးဦးစွာ ရတနာသုံးပါးကို အောက်မေ့၍ ဂုဏ်တော်များကို ရွတ်ဆိုရာ၏။
  • လေ၊ ကျင်ကြီး၊ ကျင်ငယ်တို့ကို မအောင့်မချုပ် သွားရာ၏။

ခံတွင်းသန့်စင် စိတ်ကြည်လင်

  • တြိကဋုတ်သုံးပါး (ချင်း၊ ပိတ်ချင်း၊ ငရုတ်ကောင်းမှုန့်)ကို ပျားရည်နှင့်ဖြစ်စေ၊ သိန္ဓောဆားကို ဆီနှင့်ဖျော်၍ဖြစ်စေ သွားကိုပွတ်တိုက် ပြီးလျှင် လျှာကိုခြစ်၍ မျက်နှာသစ်ရ၏။

မျက်နှာသစ်ပေး ကျန်းမာရေး

  • ရေအေးဖြင့် မျက်နှာသစ်ခြင်းသည် သွေးအန်ခြင်း၊ သွေးဝမ်းကျခြင်း၊ မူးဝေခြင်း၊ ဝက်ခြံ၊ မဲ့၊ တင်းတိပ်၊ ညှင်းဖြစ်ခြင်းမှ ကာကွယ်၏။
  • ရေနွေးဖြင့် မျက်နှာသစ်ခြင်းသည် လေ၊ သလိပ်ကို ပယ်၏။ မျက်နှာနု၏။ ခံတွင်းခြောက်ခြင်းကို ပယ်၏။

စောစီးမနက် ရေတစ်ခွက်

  • မျက်နှာသစ်ပြီးနောက် ညဉ့်ဦးယံက ခပ်ထားသော ရေကို တစ်ဖန်ခွက် သောက်ရာ၏။
  • မြင်းသရိုက်နာ၊ ကိုယ်ရောင်နာ၊ ဝမ်းကိုက်နာ၊ ဖျားနာ၊ ဝမ်းချုပ်နာ၊ နူနာ၊ အဆီခဲနာ၊ ဆီး ဖောက်ပြန်သောရောဂါ၊ သွေးနာ၊ သည်းခြေနာ၊ မျက်စိနာ၊ လေ၊ သလိပ် သည်းခြေတို့ကြောင့် အနာတို့ကိုနိုင်၏။ အနှစ်တစ်ရာ အသက်ချမ်းသာစွာ အသက်ရှည်၏။

ဆီ နံ့သာမွေး လိမ်းကျံပေး

  • ဦးခေါင်းဆံပင်တို့ကို ဆီမွှေးလိမ်းခြင်းသည် ဣန္ဒြေအလုံးစုံတို့ကို ပြည့်ဖြိုးစေတတ်၏။ မျက်စိ ကြည်လင်သန့်ရှင်းစေ၏။ ဦးခေါင်း၌ ရောဂါမဖြစ်နိုင်။ ဆံပင်များခြင်း၊ ရှည်ခြင်း၊ နူးညံ့ခြင်း၊ နက်ခြင်းတို့သည် ဖြစ်ကုန်၏။
  • ပန်းတို့ဖြင့် ထုံအပ်သော ဆီမွှေး၊ နံ့သာဆီဖြူ၊ ကရမက် အစရှိသော ဆီမွှေးတို့ဖြင့် ကိုယ်လက်အင်္ဂါတို့ကို လိမ်းနယ်ခြင်းသည် လေနာ၊ သလိပ်နာ၊ နှလုံးနာ၊ ပင်ပန်းခြင်းတို့ကို ငြိမ်းစေနိုင်၏။ အားကြီး၏။ အထူးအားဖြင့် ဦးခေါင်း၊ နား၊ ခြေထောက်တို့၌ အမြဲလိမ်းနယ်အပ်၏။
  • ဖျားစ ခုနှစ်ရက်အတွင်း အဖျားသစ်မည်၏။ အဖျားသစ်ရှိသူ၊ အစာမကြေသူ၊ ဝမ်းကျသောသူ၊ အန်သောသူ၊ ဝမ်းချုပ်ပြီးစ ဖြစ်သော သူတို့ကို ကိုယ်ကို ဆီ မလိမ်းအပ်။

ယှဉ်တွဲလိုက်နာ ရေနှင့်အစာ

  • အစာအလယ်၌ ရေသောက်လျှင် ဝမ်းမီးတောက်၏။
  • အစာအဆုံး၌ ရေသောက်လျှင် ဝ၏။ သလိပ်ပွား၏။
  • ဝသောသူသည် အစာ၏ အလယ်၌ ရေသောက်အပ်၏။
  • အစာမစားခင် ရေသောက်လျှင် လူပိန်၏၊ ဝမ်းမီးပျက်၏။

သင့်တော်ချိန်ခါ အိပ်စက်ရာ

  • နေ့၌ အိပ်ခြင်းသည် လေ၊ သည်းခြေကို နိုင်၏၊ သလိပ်ပျက်၏။
  • သည်းခြေ လေပျက်တတ်သော၊ နေ့တာရှည် (ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင်) ကာလ၌ နေ့တွင် အိပ်ရာ၏။ အခြားဥတု၌ မအိပ်ရာ။
  • အပင်ပန်းခံပြီးသူ၊ မေထုန်မှီဝဲပြီးသူ၊ ခရီးပင်ပန်း၊ ကိုယ်လက်နွမ်းနယ်သူ၊ ဝမ်းသက်သူ၊ ဘေးထိုးရင်၌ ရင်ဘတ်နာသူ၊ ပန်းနာရှိသူ၊ ရေငတ်နာရှိသူ၊ ဓာတ်အား ခွန်အားကုန်ခမ်းသောသူ၊ သလိပ်ကုန်ခမ်းသော သူငယ် / သူအို၊ သေရည်အရက် ယစ်သောသူ၊ ညအိပ် မပျော်သူတို့၊ နေ့အချိန်အခါ၌ အိပ်ရာ၏။ ဤမှတပါးသောသူတို့ နေ့တွင် မအိပ်ကောင်း။ နေ့တွင်အိပ်ခြင်း၊ ညဉ့်တွင် မအိပ်ခြင်းတို့သည် ရောဂါဖြစ်ကြောင်းတည်း။
  • ရှောက်၊ သခွာရွက်မှုန့်ကို ပျားရည်နှင့် နယ်၍ အိပ်ခါနီးအခါ လျက်ခြင်းသည် ချမ်းသာစွာ အိပ်ပျော်၏။

ထမင်းစားပြီး ချိန်ခါမှတ်သားရာ

ထမင်းစားပြီး၍
  • ရပ်သောသူတို့သည် အားကြီးကုန်၏။
  • စင်္ကြန်သွားသောသူသည် အသက်ရှည်၏။
  • အိပ်သောသူသည် ဝ၏။
  • ပြေးသောသူသည် အသက်တို၏။

အဟုန်ဆန္ဒ မဟန့်တားရ

  • အရောင်ရှိသော ဝတ္ထုကို မျက်စိဖြင့် မကြည့်အပ်။
  • ညဉ့်အခါ၌ နွားနို့ချဉ်ကို မစားအပ်၊ ဆားမပါသော အစာကို မစားအပ်၊ ပဲနောက်ဟင်း၊ ပျားရည်၊ ထောပတ် မပါသော သကြားတို့ကိုလည်း မစားအပ်။
  • ကျင်ကြီး၊ ကျင်ငယ်သွားလိုခြင်း၊ လေလည်လိုခြင်း၊ ချောင်းဆိုလိုခြင်း၊ ချေဆတ်လိုခြင်း၊ အန်လိုခြင်း၊ ကြို့ထိုးလိုခြင်း အစရှိသော အဟုန်တို့ကို မတားမြစ်အပ်၊ မအောင့်အပ်။