ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၉) ကျန်းမာရေး နှ...
  5. ၉.၄ အစားအစာသန့်ရှင်းရေး

၉.၄ အစားအစာသန့်ရှင်းရေး

ကျန်းမာရေးနှင့် ညီညွတ်သန့်ရှင်းသော အစားအသောက် ပြင်ဆင်ချက်ပြုတ်စားသောက်ခြင်းသည် ခန္ဓာကိုယ်ကို ကျန်းမာဖွံ့ဖြိုးစေသည်။ ဝမ်းနှင့်ပတ်သက်သည့် ရောဂါများဖြစ်ပွားခြင်းကို ကာကွယ်သည်။

မစင်မှတစ်ဆင့် ရောဂါပိုးများ အစာထဲသို့ ရောက်ရှိခြင်း

  • ယင်ကောင်သည် မစင်တွင် ပေါက်ပွားသည့် လောက်ကောင်မှ ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် မစင်တွင်ပေါက်၊ မစင်တွင်နားကာ လူများစားမည့် အစာပေါ် နားနိုင်ပါသည်။
  • အစားအစာ အရသာဘယ်လောက်ကောင်းကောင်း အာဟာရဘယ်လောက်ရှိရှိ ယင်နားလိုက်သည်နှင့် မစင်များပေပြီး ရောဂါပိုး ဝင်ရောက် နိုင်ပါသည်။

ရေမှတစ်ဆင့် ရောဂါပိုးများ အစာထဲသို့ ရောက်ရှိခြင်း

  • ယင်လုံအိမ်သာဖြစ်သော်လည်း ရေတွင်းနှင့် ပေ(၅ဝ)မကွာဘဲ ဆောက်လျှင်သော်လည်းကောင်း၊ အိမ်သာသည် ရေကန်အမြင့်ပိုင်းတွင် ရှိနေသော်လည်းကောင်း၊ မစင်နှင့် ရောဂါပိုးများ ရေထဲစိမ့်ဝင်နိုင်သည့် အန္တရာယ်ရှိပါသည်။
  • မသန့်စင်သောရေများနှင့် အိုး၊ ခွက်၊ ပန်းကန်၊ ဟင်းသီးဟင်းရွက်၊ သား၊ ငါးများကို ဆေးမိလျှင် ရောဂါရနိုင်ပါသည်။
  • အစားအစာသည် အရသာနှင့် အာဟာရမည်မျှပင်ရှိစေကာမူ သုံးရေ မသန့်ရှင်းပါက မစင်ထဲမှရောဂါပိုးများ ဝင်ရောက်လာနိုင်ပါသည်။

လူမှတစ်ဆင့် ရောဂါပိုးများ အစာထဲသို့ရောက်ရှိလာခြင်း

  • လက်ကို ဆပ်ပြာဖြင့်မဆေးဘဲ အစားအစာကိုကိုင်လျှင် အစားအစာများထဲသို့ ရောဂါပိုးများ ရောက်ရှိသွားနိုင်ပါသည်။
  • အစားအစာသည် အရသာနှင့် အာဟာရမည်မျှပင်ရှိစေကာမူ လက်ကို သန့်ရှင်းအောင် မဆေးပါက ရောဂါပိုးများ ဝင်ရောက်လာနိုင်ပါသည်။

အခြားနည်းလမ်းများမှတစ်ဆင့် ရောဂါပိုးများ အစာထဲသို့ရောက်ရှိလာခြင်း

  • ပိုးဟပ်၊ ပုရွက်ဆိတ်စသည့် အင်းဆက်များ၊ ကြွက်၊ ကြောင်၊ ခွေး စသည့်တိရိစ္ဆာန်များမှတစ်ဆင့် ရောဂါပိုးများ သယ်ဆောင်လာနိုင်ပါသည်။
  • မသန့်ရှင်းသော ရေနှင့်လောင်းပြီး စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များ၊ ငါး နှင့်အခြား ရေသတ္တဝါများ၊ ကြက်၊ ငှက်နှင့်အသား၊ ဥများ၊ တိရိစ္ဆာန်ထွက်ပစ္စည်းများတွင်လည်း ရောဂါပိုးများ ကပ်နေနိုင်ပါသည်။

မစင်မှရောဂါပိုးများ အစာထဲမရောက်အောင် ကာကွယ်နိုင်မည့်နည်းလမ်းများ

  • အစားအစာကို ယင်မနားအောင် ဖုံးအုပ်ထားပါ။
  • အိုး၊ ခွက်၊ ပန်းကန်များကို သုံးရေသန့်နှင့်သာ ဆေးကြောပါ။
  • လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးကြောပြီးမှ အစာနှင့် အစာထည့်မည့် ပန်းကန်ခွက်ယောက်များကို ကိုင်တွယ်ပါ။
  • ဟင်းသီးဟင်းရွက်၊ သီးနှံ၊ သားငါးများကို သန့်ရှင်းသောရေနှင့် စင်ကြယ်အောင် ဆေးကြောပါ။ အစားအစာများကို စားခါနီးမှ ချက်ပြုတ်ပြီး ပူပူနွေးနွေးစားသုံးပါ။
  • အသား၊ ငါး၊ ဥများကို ကိုင်တွယ်ပြီးတိုင်း လက်၊ ဓါး၊ စဉ်းတီတုံးများကို သေချာစွာဆေးကြောပါ။
  • အသားစိမ်း၊ ငါးစိမ်းနှင့် ဟင်းသီးဟင်းရွက်များကို သီးခြားစီထုပ်ပိုးရမည်။ (ဖြစ်နိုင်ပါက ပလပ်စတစ်အိတ်ပျော့၊ အင်ဖက်၊ ငှက်ပျောရွက်တို့ဖြင့် ထုပ်ပိုးသင့်ပါသည်။)