ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၇) ကူးစက်နိုင်သေ...
  5. ၇.၂၀ အသည်းရောင်အသားဝါ (အီး)

၇.၂၀ အသည်းရောင်အသားဝါ (အီး)

အသည်းရောင် အသားဝါရောဂါ (အီး) ပိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပါသည်။ ရောဂါပိုးဝင်ရောက်ပြီး (၂)ပတ်မှ (၆)ပတ်အတွင်း များသောအားဖြင့် အလိုအလျောက် သက်သာသွားလေ့ရှိသော်လည်း အချို့တွင် ရုတ်တရက်အသည်းပျက်စီးပြီး သေဆုံးနိုင်သည်အထိ ဖြစ်ပွားတတ်ပါသည်။

ရောဂါလက္ခဏာများ

  • ဖျားခြင်း
  • အစားအသောက်ပျက်ခြင်း
  • အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း
  • ပျို့အန်ခြင်း
  • ဗိုက်အောင့်ခြင်း၊ ယားခြင်း၊ အနီစက်များထွက်ခြင်း
  • အဆစ်အမြစ်ကိုက်ခဲခြင်း
  • အသည်းကြီး၍ ဝမ်းဗိုက် နာကျင်ခြင်း

တစ်ခါတစ်ရံတွင် အသည်းရောင်အသားဝါရောဂါ (အီး) သည် ပြင်းထန်စွာခံစားရတတ်ပြီး ရုတ်တရက် အသည်းပျက်စီးခြင်း အခြေအနေအထိ ရောက်ရှိကာ အသက်ဆုံးရှုံးနိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်ဒုတိယနှင့် တတိယ (၃)လပတ်များ၌ ရောဂါပိုး ကူးစက်ခံရပါက အသည်းပျက်စီးခြင်းပိုမိုဖြစ်ပွားနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

ကူးစက်နိုင်သည့် နည်းလမ်းများ

  • အသည်းရောင်အသားဝါရောဂါ (အီး) ပိုးသည် အများအားဖြင့် မသန့်ရှင်းသော ရေ၊ အညစ်အကြေး၊ မစင်စသည်တို့မှတဆင့် အစာအိမ် နှင့်အူလမ်းကြောင်းအတွင်းသို့ ရောက်ရှိကူးစက်ခြင်း
  • သေချာစွာကျက်အောင် ချက်ပြုတ်မထားသော အသား၊ အသားစိမ်း(သို့မဟုတ်) ရောဂါပိုးကူးစက်ခံထားရသော တိရစ္ဆာန်တို့၏ အသားများအား စားသုံးမိခြင်း ၊
  • ရောဂါပိုး ပါဝင်နေသော သွေး(သို့) သွေးနှင့် ဆက်စပ်ပစ္စည်းများသွင်းမိခြင်း
  • ရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း

တိုက်ပွဲများဖြစ်ပွားပြီး လုံခြုံမှုမရှိသော ဒုက္ခသည်စခန်းများ၊ ကယ်ဆယ်ရေးစခန်းများ၊ သန့်ရှင်းသော သောက်သုံးရေမရရှိသော ဒေသများတွင် ကပ်ရောဂါအသွင်(သို့မဟုတ်) အစုလိုက်အပြုံလိုက် ဖြစ်ပွားတတ်သည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

  • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။ အစားအစာ မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
  • အစားအစာများအား သေချာစွာ ကျက်အောင်ချက်ပြုတ်၍ ပူပူနွေးနွေးစားသုံးပါ။ အသား၊ ငါးနှင့် ပင်လယ်စာများအား မချက်ပြုတ်ဘဲ အစိမ်းစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
  • လက်သုပ်စာများ၊ ယင်နားစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ အစားအစာများအား ယင်မနားအောင် ဖုံးအုပ်ထားပါ။
  • အသီးအရွက်နှင့် အသားငါးများအား သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာဆေးကြောပြီးမှ ချက်ပြုတ်စားသုံးပါ။ သစ်သီးဝလံများအား အခွံနွှာပြီးမှ စားသုံးပါ။
  • ရေကို ကျိုချက်သောက်သုံးပါ။
  • ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲပါ။
  • ရောဂါဖြစ်ပွားသူလူနာများအနေဖြင့် အရေပြားနှင့် မျက်သားဝါပြီးနောက် (၁၀) ရက်ကြာသည်အထိ မိမိနေအိမ်တွင်သာ နေထိုင်ပါ။ အစားအသောက်ရောင်းချသူများတွင် ရောဂါဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါပြီးနောက် (၁၀)ရက်ကြာသည်အထိ အစားအသောက် ကိုင်တွယ်ရောင်းချခြင်းအား ရပ်နားထားပါ။
  • အကိုက်အခဲပျောက်ဆေးများ မလိုအပ်ဘဲ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
  • အရက်အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
  • ဖျားခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အရေပြားနှင့် မျက်သားဝါခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသပါ။ အဆိုပါရောဂါလက္ခဏာဖြစ်ပွားသူ သံသယလူနာများအား တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ပါ။

အသည်းရောင်အသားဝါရောဂါ (အီး) အတွက် ကာကွယ်ဆေးမရှိသေးပါ။