ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁) မွေးကင်းစ နှင...
  5. ၂။ အသက် ငါးနှစ်အောက် ကလေးများအား ပြုစုစောင့်ရှောက်ခြင်း

၂။ အသက် ငါးနှစ်အောက် ကလေးများအား ပြုစုစောင့်ရှောက်ခြင်း

အသက်ငါးနှစ်အောက်ကလေးတွင် အောက်ပါလက္ခဏာများအနက်မှ တစ်ခုခုဖြစ်ပါက ဆေးရုံ/ဆေးခန်း/ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်း ယခုချက်ချင်း သွားရောက်ပြသပါ။

  • အရည်မသောက်နိုင်ခြင်း၊ နို့မစို့နိုင်ခြင်း
  • စားသောက်သမျှ အန်ခြင်း
  • ယခုနေမကောင်းစဉ် တက်ခြင်း
  • မှိန်း၍ နှိုးရခက်ခြင်း၊ သတိလစ်ခြင်း
  • ငြိမ်သက်နေသောကလေးတွင် လည်ချောင်းတစ်ဆို့သံကြားရခြင်း

နေမကောင်းသောကလေးအား အိမ်တွင်ပြုစုစောင့်ရှောက်ခြင်း

  • ကလေးများ ကိုယ်ပူခြင်း (သို့မဟုတ်) အန်ခြင်း (သို့မဟုတ်) ဝမ်းသွားခြင်းများကြောင့် ခန္ဓာကိုယ်တွင် အရည်ဓာတ်များ လျော့နည်းသွား သဖြင့် အရည်ပိုတိုက်ရန်လိုပါသည်။ (ဥပမာ- အသက်(၆)လအောက်တွင် မိခင်နို့၊ အသက်(၆)လအထက်တွင် မိခင်နို့တိုက်ကျွေးနေပါက မိခင်နို့အပြင် ဆန်ပြုတ်၊ ထမင်းရည်၊ ရိုးရိုးရေ၊ လိုအပ်ပါက ဓာတ်ဆားရည်)
  • အစာပုံမှန်ကျွေးမှသာ ကိုယ်ခံအားကောင်းပြီး မြန်မြန်နေကောင်းစေပါသည်။
  • မိခင်နို့တိုက်နေသောကလေးများအား မိခင်နို့ဆက်တိုက်ပါ။ ပုံမှန်ထက် အကြိမ်ရေ ပိုတိုက်သင့်ပါသည်။
  • ဓာတ်ဆားရည်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ နို့နှင့် လတ်ဆတ်သော သစ်သီးဖျော်ရည်စသည်တို့ တိုက်နိုင်ပါသည်။ ကလေးအန်ပါက ခဏနား၍ နည်းနည်းချင်း ပြန်တိုက်ပေးပါ။
  • ကျွေးနေကျ အစားအစာများကို ပုံမှန်ဆက်၍ကျွေးပေးပါ။ ကလေးအတွက် ပျော့ပျောင်းနူးညံ့သောအစာများဖြစ်ရပါမည်။
  • အန္တရာယ်လက္ခဏာများ စောင့်ကြည့်ပါ။
  • နောက်ဆက်တွဲ ပြဿနာများ မဝင်နိုင်ရန် နာလန်ထချိန်တွင် စားနေကျထက် တစ်နပ်ပိုကျွေးပါ။ အနည်းဆုံး တစ်ပတ်ခန့်ကျွေးပါ။

ဖျားသောကလေးငယ်ကို အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း

  • ကလေးငယ်များ နေမကောင်းဖြစ်သည့်အခါ အစာမကျွေးခြင်း၊ အစားအစာလျော့ကျွေးခြင်း မပြုလုပ်ရပါ။ စားနေကျအစာ ပုံမှန်အတိုင်း ဆက်ကျွေးပါ။
  • နို့စို့ကလေးများကို မိခင်နို့ဆက်တိုက်ပါ။ (၆)လအထက်ဖြစ်ပါက အရည်ပိုတိုက်ပါ။
  • ကိုယ်အပူချိန်များပါက ရေစိုအဝတ်(ရေရိုးရိုး)ဖြင့် တစ်ကိုယ်လုံး ရေဖတ်တိုက်ပေးပါ။
  • ရာသီဥတုနှင့် ကိုက်ညီသော အဝတ်အစားဝတ်ပေးပါ။
  • လေကောင်းလေသန့်ရသော၊ လေဝင်လေထွက်ကောင်းသော နေရာတွင်ထားပါ။
  • မက်ကလောင် မဖောက်ပါနှင့်။ နာလန်ထချိန်တွင် အနည်းဆုံးတစ်ပတ်ခန့် ကျွေးနေကျအကြိမ်ထက် တစ်ကြိမ်ပိုကျွေးရန်လိုပါသည်။