ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၉) ကျန်းမာရေး နှ...
  5. ၉.၃ သန့်ရှင်းသောသောက်သုံးရေ သုံးစွဲရေး

၉.၃ သန့်ရှင်းသောသောက်သုံးရေ သုံးစွဲရေး

သန့်ရှင်းသောသောက်သုံးရေသည်

  • အနည်အမှုန်ကင်းရမည်။
  • ကျန်းမာရေးထိခိုက်စေသောပိုးမွှားကင်းစင်ရမည်။
  • အရောင်အဆင်း အနံ့အရသာကင်းရမည်။
  • ဓါတ်သတ္တုများ ပါဝင်သင့်သည့် ပမာဏထက်မပိုရ။

ရောဂါပိုးပါသည့်ရေကို သောက်သုံးမိသည့်အတွက်

ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ ပိုလီယိုရောဂါ စသည့် ဝမ်းနှင့်ပတ်သက်သည့်ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

သောက်သုံးရေကို ညစ်ညမ်းစေသော အကြောင်းရင်းများ

  • သောက်သုံးရေကန် စတင်တည်ဆောက်စဉ်က စနစ်တကျမရှိခဲ့ခြင်း
  • သောက်ရေကန်မှ ရေရယူသုံးစွဲပုံစနစ် မှန်ကန်မှုမရှိခြင်း
  • သောက်သုံးရေကန် သန့်ရှင်းမှုရှိစေရန် သတိပေးနှိုးဆော်ချက်များကို လိုက်နာကျင့်သုံးမှု မရှိခဲ့ခြင်း သောက်သုံးရေကန် အနီးဝန်းကျင်တွင် မစင်၊ အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများရှိနေခြင်း စနစ်တကျတည်ဆောက်ပြီးသော သောက်သုံးရေကန်များကို ရေရှည်ထိန်းသိမ်းပြုပြင်မှုမရှိခြင်း
  • သန့်ရှင်းစနစ်ကျသော သောက်သုံးရေတွင်းဖြစ်စေရန်အတွက် ရေတွင်းတူးရန် မြေနေရာကို ရွေးချယ်ရာ၌ မှန်ကန်မှုမရှိခြင်း
  • အညစ်အကြေးစွန့်ပစ်သောနေရာနှင့် ပေ(၅၀)ဝေးကွာပြီး မြင့်သောအပိုင်းတွင်ရှိရမည်။ အထူးသဖြင့် အိမ်သာ၊ အမှိုက်သရိုက်နှင့် ရေဆိုးများ စွန့် ပစ်သည့်နေရာထက် မြင့်သောအပိုင်းတွင်ရှိရမည်။
  • ရေဝပ်ရေလျှံသောနေရာ လုံးဝ(လုံးဝ) မဖြစ်စေရ။

သောက်သုံးရေကန်သန့်ရှင်းရေးလုပ်ငန်းများ

ရေ ရယူသုံးစွဲပုံစနစ်
  • ရေကန်အတွင်းမှ ရေကို ရယူသုံးစွဲရန် ကန်ဘောင်ပြင်ပတွင် လက်နှိပ်တုံကင် တပ်ဆင်၍ ရေကန်အတွင်းသို့ ရေပိုက်ဆက်သွယ်ကာ ရယူသုံးစွဲနိုင်ပါသည်။
  • ရေကန်အတွင်းသို့ လူကိုယ်တိုင်ဝင်ရောက်၊ ခပ်ယူ၊ သယ်ဆောင်ခြင်း လုံးဝ မပြုလုပ်ရပါ။
ကလိုရင်းဆေးခပ်ခြင်း

ကလိုရင်းဓါတ်ငွေ့ကို ရေထဲသို့ပျံ့နှံ့သွားအောင် ပြုလုပ်ခြင်းသည် ရောဂါဖြစ်စေသည့် ပိုးမွှားများအား သေကြေပျက်စီးစေနိုင်သည့် နည်းလမ်းဖြင့် ထိန်းချုပ်ခြင်းဖြစ်သောကြောင့် သောက်သုံးရန် သင့်လျော်သော ရေကောင်းရေသန့် ရရှိခံစားရန်အတွက် ဆောင်ရွက်ပေးသော ရေသန့်စင်ရေး နည်းလမ်းကောင်းတစ်ရပ် ဖြစ်သည်။

  • ရေတွင်းအသစ်တူးပြီးလျှင်၊ ရေတွင်းဆေးကြောပြီးလျှင်၊ ပြင်ပရေဝင်လျှင်၊ ဒေသအခြေအနေအရ ယခင်နှစ်များတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားသည့် ကာလမတိုင်မီ၊ ဝမ်းရောဂါဖြစ်ပွားသည် / ဖြစ်ပွားနိုင်သည်ဟု သံသယရှိသောအခါ၊ ရေတွင်းထဲသို့ ညစ်ညမ်းသော ရေဝင်ရောက်သည့်အချိန်နှင့် မိုးရွာပြီးသည့်အချိန်များတွင် ကလိုရင်းခပ်ပေးရပါမည်။
  • ရေအရည်အသွေးနှင့် ရေပမာဏကိုလိုက်၍ ဆေးခပ်ပေးရပါမည်။ နီးစပ်ရာ ကျန်းမာရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
  • မြေသားရေကန်အတွင်းသို့ တိုက်ရိုက်ဆေးမခပ်ရပါ။ သိုလှောင်ထားသော ရေသိုလှောင်ကန်၊ စဉ့်အိုး၊ ရေပုံး စသည်များသို့ ဆေးခပ်ပေးရပါမည်။ လက်တူးရေတွင်းသို့ တိုက်ရိုက်ဆေးခပ်နိုင်ပါသည်။
ကလိုရင်းဆေးခပ်နည်း
  • ရေကန်ရှိ ရေဂါလန်ပေါင်း တွက်ချက်နိုင်ရန် ရေကန်၏ အလျား၊ အနံ(အချင်း)နှင့် ရေအနက်ကို ပေဖြင့် တိုင်းတာပါ။ ရေဂါလန်ပေါင်းကို လေးထောင့်ကန်အတွက် အလျား x အနံ x ရေအနက် x ၆.၂၅ ဖြင့်လည်းကောင်း၊ အဝိုင်းကန်အတွက် ၅ x အချင်း x အချင်း x ရေအနက်ဖြင့်လည်းကောင်း တွက်ရမည်။
  • ကလိုရင်း (၂၅-၃၅) ရာခိုင်နှုန်းပါသော ဘလိချင်းပေါင်ဒါကို အသုံးပြုပါက ရေဂါလံတစ်ထောင်လျှင် ဆေးမှုန့် အောင်စဝက်မှ တစ်အောင်စ (ဟင်းစားစတီးဇွန်း တစ်ဇွန်းမှ နှစ်ဇွန်း) နှုန်းဖြင့်လည်းကောင်း၊ ကလိုရင်း (၆၅-၇၀) ရာခိုင်နှုန်းပါသော ဘလိချင်းပေါင်ဒါကို အသုံးပြုပါက ရေဂါလံတစ်ထောင်လျှင် ဆေးမှုန့် ၄ပုံ၁ပုံ အောင်စမှ အောင်စဝက် (ဟင်းစားစတီးဇွန်း ဇွန်းဝက်မှ တစ်ဇွန်း)နှုန်းဖြင့် လည်းကောင်း ဆေးပမာဏကို တွက်ရမည်။
  • ထို့နောက် ရေပုံးတွင် လက်နှစ်လုံး ခန့်လျှော့၍ ရေဖြည့်ပါ။ ခွက်ငယ်တစ်ခုတွင် လိုအပ်သောဆေးပမာဏကို ချိန်ထည့်ပြီး ရေအနည်းငယ် ထည့်၍ မုန့်နှစ်ရည်ကဲ့သို့ ဖြစ်အောင်မွှေပါ။ ၎င်းဆေးဖျော်ရည်အား ရေဖြည့်ထားသော ရေပုံးထဲသို့ထည့်၍ သမအောင်မွှေပါ။
  • ရေပုံးကို ရေကန်ထဲသို့ (၂)ပေခန့် မြုပ်အောင်နှစ်ပြီး နေရာအနှံ့ နိမ့်ချည်မြင့်ချည်ပြုလုပ်ပါ။ ရေပုံးကို ပြန်ဆွဲတင်ပြီး ရေပုံးထဲမှရေကို ရေကန်ထဲသို့ ဖြေးညှင်းစွာလောင်းချပါ။
  • ဆေးခပ်ပြီး မိနစ်(၃၀) အကြာတွင် ကလိုရင်းအကြွင်းအနံ့ရှိ၊ မရှိ စမ်းသပ်ပါ။ အကယ်၍ ကလိုရင်း အကြွင်းအနံ့မရှိပါက ပထမဆေးခပ်သည့် အတိုင်း ဆေးပမာဏတစ်ဝက်ခန့်ကို ထပ်ခပ်ပါ။ ကလိုရင်းအကြွင်း / အနံ့ရှိကြောင်း သိရှိပါက ကလိုရင်း ဆေးခပ်ခြင်းပြီးမြောက်၍ အသုံးပြုနိုင်ပြီဖြစ်သည်။
သောက်ရေအိုးများတွင် အသင့်ဖျော်ထားသော ကလိုရင်းဆေးခပ်နည်း

ဘလိချင်းပေါင်ဒါဆေးမှုန့် ဟင်းစားဇွန်း(၂) ဇွန်းကို ရေ တစ်လီတာဘူးနှင့် ဖျော်ပါ။ ရေတစ်ဂါလံတွင် ၎င်းဆေးဖျော်ရည်ကြည် လက်ဖက်ရည်ဇွန်း(၁) ဇွန်းနှုန်းဖြင့် သောက်ရေအိုးထဲသို့ ခပ်၍ သုံးပါ။ ဆေးရည်ခပ်ပြီး အနည်းဆုံး (၃၀)မိနစ်ကြာပြီးမှ သောက်သုံးသင့်ပါသည်။

ကလိုရင်းအကြွင်းအနံ့(Chlorine residual) ရှိ/မရှိ စမ်းသပ်နည်း

နည်း(၁) အနံ့ခံနည်း – ဆေးအသုံးမပြုသော ပုံး၊ ခွက်၊ လက်ဖြင့် ရေကိုယူ၍ အနံ့ခံစမ်းသပ်ပါ။ အနံ့ ရှိလျှင် အကြွင်းရှိသည်။

နည်း(၂) ကလိုရင်းဆေးခပ်ပြီး ရေတွင် ပိုတက်စီယမ်အိုင်အိုဒိုက် နှစ်ခဲ(သို့)သုံးခဲ ထည့်မွှေ၍ ထမင်းရည် ထည့်လိုက်လျှင် မိုးပြာရောင် ပြပါက အကြွင်းရှိပါသည်။

နည်း(၃) ခေတ်မီ ကလိုရင်းအကြွင်းအနံ့ စမ်းသပ်ကိရိယာများဖြင့်လည်း စမ်းသပ်နိုင်ပါသည်။

ရေကန်ကိုသန့်ရှင်းခြင်း
  • ရေကန်အတွင်းရှိပေါင်းပင်၊ မှော်ပင်များကို ပုံမှန်ရှင်းလင်းဖယ်ရှားပါ။
  • လိုအပ်လျှင် ကန်ထဲရှိရေကိုထုတ်၍ ကန်ဆယ်ရမည်။ ဆယ်ရာတွင် အောက်ခြေမြေသားမပေါက်စေရန် သတိပြုပါ။
  • ထိုသို့ဆောင်ရွက်မှုများကို ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။
  • လက်နှိပ်တုံကင်မှတစ်ဆင့် ရေကန်ပြင်ပ၌ ရေကျကန်ဆောက်လုပ်၍ ရေကိုရယူသုံးစွဲပါ။
သတိပေးဆိုင်းဘုတ်
“ရေကန်အတွင်းသို့ ဝင်ရောက်ပြီးရေမခပ်ရ” ဆိုင်းဘုတ်ကို လူအများမြင်သာသည့်နေရာတွင် စိုက်ထူထားရပါမည်။