ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၆) မိခင် နှင့် မ...
  5. ကိုယ်ဝန်ဆောင်မိခင်များလိုက်နာဆောင်ရွက်ရန်

ကိုယ်ဝန်ဆောင်မိခင်များလိုက်နာဆောင်ရွက်ရန်

  • ကိုယ်ဝန်ရှိသည်ဟု သံသယရှိလျှင် နီးစပ်ရာဆေးရုံ ဆေးခန်း ကျန်းမာရေးဌာနများတွင် ကိုယ်ဝန်အပ်ပါ။
  • ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းထံတွင် အနည်းဆုံး(၄) ကြိမ်ခံယူပါ။
    • ပထမအကြိမ် – ကိုယ်ဝန် (၄)လအတွင်း (စောနိုင်သမျှစောစော)
    • ဒုတိယအကြိမ် – ကိုယ်ဝန် (၆)လမှ (၇)လအတွင်း
    • တတိယအကြိမ် – ကိုယ်ဝန် (၈)လအတွင်း
    • စတုတ္ထအကြိမ် – ကိုယ်ဝန် (၉)လအတွင်း
  • ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝမျှတရန် အစားမရှောင်ပါနှင့်။ ကိုယ်ဝန်ဆောင်စဉ် အစားပိုစားပါ။
  • မေးခိုင်ကာကွယ်ဆေး (၂)ကြိမ်ထိုးပါ။
  • တတ်ကျွမ်းသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ ညွှန်ကြားသောဆေးဝါးမှအပ အခြားဆေးများ မသောက်ပါနှင့်။
  • နေ့စဉ် သင့်တော်သောကိုယ်လက်လှုပ်ရှားမှု အသင့်အတင့်ပြုလုပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ နေ့လယ်ပိုင်းတွင် အနားယူပါ။ အလေးအပင်မမပါနှင့်။
  • သံဓာတ်ဖောလိတ် ကိုယ်ဝန်ဆောင်အားဆေးကို စောနိုင်သမျှ စောစောသောက်ပါ။ ကိုယ်ဝန်(၇)လ ကျော်လျှင် မနက်တစ်လုံး၊ ညတစ်လုံး သောက်ပါ။
  • သန့်ရှင်းပေါ့ပါး ချောင်ချိ၍ ရာသီဥတုနှင့်ကိုက်ညီသော အဝတ်အစားများကို ဝတ်ဆင်ပါ။
  • ဆေးလိပ်၊ အရက် မသောက်ပါနှင့်။ ကွမ်းမစားပါနှင့်။ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့ အစရှိသည့် ညစ်ညမ်းသော လေထုပတ်ဝန်းကျင်မှ ရှောင်ရှားပါ။
  • ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရန်အတွက် မည်သည့်အချိန်အိပ်အိပ် ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ပါ။
  • နေမကောင်းဖြစ်ပါက နီးစပ်ရာဆေးရုံ ဆေးခန်း ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်၍ ဆေးကုသမှုကိုခံယူပါ။
  • မွေးဖွားရန် ကြိုတင်အစီအစဉ် ရေးဆွဲထားပါ။
  • တစ်ခါသုံး မွေးဖွားအိတ်ငယ်ကို အသုံးပြုပါ။

ကိုယ်ဝန်ဆောင်မိခင်အတွက် မွေးဖွားရန် ကြိုတင်စီစဉ်ခြင်း

၁။ ကလေးမွေးဖွားမည့်ခန့်မှန်းရက်ကို သိရှိထားရမည်။

၂။ ကလေးမွေးဖွားရန် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ရွေးချယ်ထားရမည်။

၃။ မွေးဖွားခြင်းနှင့် အရေးပေါ်ကိစ္စရပ်များအတွက်သွားရန် ဆေးရုံ၊ ဆေးခန်းကို ရွေးချယ်ထားရမည်။

၄။ ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ် ကြုံတွေ့နိုင်သည့် အန္တရာယ်လက္ခဏာများကို သိရှိထားရမည်။

၅။ အရေးပေါ်ဖြစ်ခဲ့ပါက ဆုံးဖြတ်ပေးနိုင်မည့်သူတစ်ဦး ရှိရမည်။

၆။ အရေးပေါ်အခြေအနေတွင် လိုအပ်သောငွေ မည်သို့ရရှိနိုင်မည်ကို သိရှိထားရမည်။

၇။ အရေးပေါ်အခြေအနေတွင် ဆေးရုံ၊ ဆေးခန်းသို့သွားရန် သယ်ယူပို့ဆောင်မှုကို ကြိုတင်စီစဉ်ထားရမည်။

၈။ မွေးဖွားရန်အတွက် အခြေခံအကျဆုံး လိုအပ်သောပစ္စည်းများကို စုဆောင်းထားရမည်။

  • သန့်ရှင်းပြီး အနွေးဓာတ်ရှိသော အခန်းတစ်ခန်း (သို့) အခန်း၏ ထောင့်တစ်နေရာ
  • ပိုးသန့်စင်ထားသည့် တစ်ခါသုံးမွေးဖွားအိတ်ငယ်တစ်ခု
  • မိခင်နှင့်ကလေးအတွက် သန့်ရှင်းသော အဝတ်အစားများ
  • သန့်ရှင်းသော အနှီးပိတ်များ၊ အိပ်ရာခင်း၊ အဝတ်စများ

၉။ မွေးဖွားစဉ်နှင့် မွေးပြီး အနည်းဆုံး (၂၄ ) နာရီ ကြာသည်အထိ အနီးတွင် နေပေးမည့်သူရှိရန် ကြိုတင်စီစဉ်ထားရမည်။

၁၀။ အိမ်မှုကိစ္စနှင့် အခြားကလေးကိစ္စများကို ကူညီစောင့်ရှောက်မည့်သူတစ်ဦး စီစဉ်ထားရှိရမည်။

၁၁။ နောက်တစ်ကြိမ် ကိုယ်ဝန်စောင့်ရှောက်မှုခံယူရန်အတွက် ရက်ချိန်းကို သိရှိရမည်။

၁၂။ မိခင်ကလေးကျန်းမာရေးမှတ်တမ်း အဆင်သင့်ရှိရမည်။