ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၈) မကူးစက်နိုင်သ...
  5. ၈.၁ သွေးတိုးရောဂါ

၈.၁ သွေးတိုးရောဂါ

ယေဘုယျ အားဖြင့် သွေးပေါင်ချိန် ၁၄၀/၉၀ mmHg နှင့်အထက်ရှိပါက သွေးတိုးရောဂါဟုသတ်မှတ်သည်။

သွေးတိုးရောဂါသည် အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။ အသက်ကြီးသူများတွင် အကြောင်းရင်းခံမရှိဘဲ သွေးတိုးရောဂါ ဖြစ်နိုင်ပြီး အသက်ငယ်သူများတွင် အခြားအကြောင်းရင်းခံတစ်ခုခုကြောင့် သွေးတိုးနိုင်သည်။ ဥပမာအားဖြင့် ကျောက်ကပ်သွေးကြောကျဉ်းရောဂါ၊ ဟော်မုန်းဂလင်းရောဂါ၊ မွေးရာပါ နှလုံးသွေးလွှတ်ကြောမကြီးကျဉ်းရောဂါနှင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် သွေးတိုးနိုင်ပါသည်။

သွေးတိုးရောဂါဖြစ်နိုင်သောအကြောင်းအရင်းများမှာ

  • အငန်၊ အဆီနှင့် ဟင်းချိုမှုန့် အစားများလွန်းခြင်း
  • ဆီးချိုရောဂါရှိခြင်း
  • အဝလွန်ခြင်း
  • မိဘမျိုးရိုးတွင် သွေးတိုးရောဂါရှိခြင်း
  • ဆေးလိပ်၊ အရက်သောက်သုံးခြင်း
  • ကျောက်ကပ်ရောဂါနှင့် အခြားရောဂါများရှိခြင်း
  • အချို့ဆေးဝါးများသောက်သုံးနေခြင်း (ဥပမာ-ပဋိသန္ဓေတားဆေးများ)
  • စိတ်ဖိစီးမှုများခြင်း ကိုယ်ဝန်ဆောင်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စသည်တို့ဖြစ်သည်။

မှန်ကန်သော သွေးပေါင်ချိန်အဖြေရရှိရန်အတွက် သွေးပေါင်ချိန်တိုင်းတာရာတွင် လိုက်နာသင့်သောအချက်များ

  • သွေးပေါင်ချိန်မီ လူနာကို တိတ်ဆိတ်ငြိမ်သက်သောအခန်းတွင် ၅မိနစ်ခန့်ထိုင်ပြီး အနားယူစေရပါမည်။ သွေးပေါင်ချိန်မည့် လက်မောင်းတွင် တင်းကြပ်သောအဝတ်များ မဝတ်ထားရပါ။
  • လက်မောင်းကို နှလုံးနှင့် တပြေးညီ သက်တောင့်သက်သာ အနေအထားမှာ ရှိစေရပါမည်။
  • သွေးပေါင်ချိန်စက် အသုံးပြုရာမှာလည်း စံညွှန်းမီကောင်းမွန်သောစက်ကို အသုံးပြုသင့်ပြီး သင့်တော်သော လက်မောင်းပတ် အရွယ်အစား ဖြစ်ရန်လည်း လိုအပ်ပါသည်။

အန္တရာယ်ရှိသောလက္ခဏာများ

  • လေဖြတ်ခြင်း၊ လေဖြန်းခြင်း
  • နှလုံးကြီးခြင်းကြောင့် အမောဖောက်လာခြင်း
  • နှလုံးသွေးကြောကျဉ်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း
  • ခြေထောက်သွေးကြောများ ကျဉ်းလာခြင်းကြောင့် လမ်းလျှောက်စဉ် ခြေထောက်ကြွက်သားများ နာလာခြင်း မျက်စိဆံခြည်မျှင်သွေးကြောများ သွေးယိုစိမ့်ခြင်းနှင့် မျက်စိအမြင်လွှာပျက်စီးခြင်းကြောင့် အမြင်မှုန်ဝါးခြင်း ကျောက်ကပ်ပျက်စီးခြင်းကြောင့် ဆီးတွင်အနည်ပါခြင်း၊ ဆီးဆိပ်တက်ခြင်းနှင့် ခြေထောက်ဖောရောင်ခြင်း

အထက်ပါ လက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသကုသမှုခံယူပါ။

သွေးတိုးရောဂါကုသခြင်း

သွေးတိုးရောဂါရှိပါက ဆေးဝါးနှင့်ကုသခြင်းအပြင် အောက်ပါ အပြုအမူအနေအထိုင်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။

  • သင့်တော်သော ကိုယ်အလေးချိန်ရှိအောင်ထိန်းခြင်း (ခန္ဓာကိုယ်အညွန်းကိန်း (BMI) ၁၈.၅ မှ ၂၄.၉ ကီလိုဂရမ် / စတုရန်းမီတာ)
  • အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊ အဆီနည်းသော နို့ထွက်ပစ္စည်းများ စားသုံးခြင်း
  • ပြည့်ဝဆီ (ဥပမာ ဝက်ဆီ၊ အမဲဆီကဲ့သို့သော တိရစ္ဆာန်မှရသောအဆီ၊ စားအုန်းဆီ၊ ပြန်ကြော်ဆီကဲ့သို့သော ပုံပြောင်းဆီ) ပါသော အစားအစာများ ရှောင်ကြဉ်ခြင်း

သွေးတိုးရောဂါကုသရာတွင် ကြုံတွေ့ရတတ်သော အခက်အခဲများ

  • အချို့သူများတွင် သွေးတိုးရောဂါရှိနေသော်လည်း ရောဂါလက္ခဏာမပြဘဲ သွေးတိုး၏ နောက်ဆက်တွဲပြဿနာများ (လေဖြတ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်းများ) ဖြစ်ပေါ်လာမှသာ သွေးတိုးရောဂါရှိမှန်း သိရှိတတ်ပါသည်။
  • ဆေးမှန်မှန်မသောက်သော လူနာများတွင် သွေးပေါင်ချိန် ထိန်းရခက်ခဲသော ပြဿနာတွေ့ရှိရပါသည်။
  • သွေးပေါင်ချိန်ထိန်းရန် ခက်ခဲသောအခြေအနေများ ရှိတတ်ပါသည်။ (ဥပမာ – ဆေးမှန်မှန်မသောက်သော လူနာများ
  • – အသက် ၈၀ အောက် လူနာများတွင် သွေးပေါင်ချိန် ၁၅၀/၉၀mmHg ရှိရန်
  • – ဆီးချို၊ ကျောက်ကပ်နှင့် နှလုံးသွေးကြောရောဂါရှိသောလူနာများတွင် သွေးပေါင်ချိန် ၁၃၀ / ၈၀mmHg နှင့်အောက်တွင်ရှိရန်)
  • အချို့သူများတွင် ရည်မှန်းထားသော သွေးပေါင်ချိန်တွင် ထိန်းထားနိုင်ရန်အတွက် သွေးပေါင်ကျဆေးတစ်မျိုးတည်းနှင့် မလုံလောက်ဘဲ ဆေး(၂)မျိုး၊ (၃)မျိုးပေါင်းရခြင်းများ ရှိတတ်ပါသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

  • အမျှင်ဓါတ်နှင့် ဗီတာမင်များပြီး လတ်ဆတ်သောသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် နှံစားသီးနှံ (ပြောင်း၊ လူး၊ ဆတ်) များများစားသုံးခြင်း
  • နို့နှင့်ဒိန်ချဉ်များကို အဆီဓါတ်ထုတ်၍ စားသုံးခြင်း
  • ပြည့်ဝဆီများအစား ငါးနှင့်သီးနှံများမှရသော မပြည့်ဝဆီနှင့် အစားထိုးစားသုံးခြင်း
  • ပဲအမျိုးမျိုး (ဥပမာ-ကုလားပဲ)၊ အစေ့အဆန် (ဥပမာ-သီဟိုဠ်စေ့)၊ အဆီပါသောငါးကို တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်စားသုံးခြင်း
  • အငန်ဓါတ်သည် သွေးပေါင်ချိန်ကို တက်စေသဖြင့် အငန်ဓါတ်များသောငါးပိ၊ ငံပြာရည်တို့ကို ရှောင်ခြင်း
  • အသား/ငါးခြောက်များနှင့် အသင့်စား အစားအစာများကိုရှောင်ခြင်း စသည်တို့ဖြင့် သွေးတိုးရောဂါကို ကာကွယ်နိုင်ပါသည်။

သွေးတိုးရောဂါရှိပါက လိုက်နာရန်အချက်များ

  • ကျန်းမာရေးဝန်ထမ်းများမှ ညွှန်ကြားသော ဆေးဝါးများကို ပုံမှန်သောက်ပါ။
  • သွေးကျဆေးများသည် လူနာတစ်ဦးနှင့်တစ်ဦး အာနိသင်နှင့် ဆိုးကျိုးများ မတူတတ်သဖြင့် တစ်ဦးချင်း သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်း နှင့် တိုင်ပင်စမ်းသပ်ပြီးမှ ဆေးသောက်ပါ။
  • သွေးပေါင်မှန်မှန် ချိန်ပါ။
  • မဝလွန်း၊ မပိန်လွန်း သင့်တော်သည့် ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းပါ။
  • သင့်တော်သည့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို နေ့စဉ်နာရီဝက်ခန့် မှန်မှန်ပြုလုပ်ပါ။
  • ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကိုဖြတ်ပါ။
  • ငါး၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတို့ကို များများစားပါ။
  • အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။

သွေးတိုးရောဂါကို အချိန်မီသိရှိပြီး ထိထိရောက်ရောက် ဆေးကုသမှုခံယူပါက သွေးတိုးရောဂါကို အခြေခံပြီးဖြစ်ပေါ်လာမည့် နှလုံးသွေးကြောရောဂါ၊ လေဖြတ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိအမြင်လွှာပျက်စီးခြင်းတို့ကို အချိန်မီကာကွယ်နိုင်မည် ဖြစ်သကဲ့သို့ သက်တမ်းစေ့နေနိုင်မည် ဖြစ်ပါသည်။