ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၁၄) အစားအသောက်နှင...
  5. ၁၄.၃ ဆေးဝါးဝယ်ယူရာတွင်သတိထားသင့်သည့်အချက်များ

၁၄.၃ ဆေးဝါးဝယ်ယူရာတွင်သတိထားသင့်သည့်အချက်များ

  1. စပ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမျိုး မပြုလုပ်သင့်ပါ။
  2. ဝယ်ယူလိုက်သည့်ဆေးဝါးများ၏ သက်တမ်းကုန်ဆုံးရက် (Expired Date) ကို သေသေချာချာ ကြည့်ရှုစစ်ဆေးရပါမည်။
  3. မိမိဝယ်ယူသည့် ဆေးဝါးများတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် (Myanmar Registration Number) ပါ/မပါ ကြည့်ရှုဝယ်ယူ သင့်ပါသည်။

Contents

မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် ကြည့်ရှုစစ်ဆေးနည်း

မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ် (Myanmar Registration Number) ကို ဖော်ပြထားရာတွင် ရှေ့ဆုံးနံပါတ်ဂဏန်း လေးလုံးပါရှိပြီး အလယ်တွင် A (သို့မဟုတ်) AA (သို့မဟုတ်) L ဟုပါရှိပါသည်။ ထို့နောက် နောက်နံပါတ်များသည် ဆေးဝါး၏ အမှတ်စဉ် နံပါတ်များဖြစ်ပါသည်။ မှတ်ပုံတင်သက်တမ်းတိုးထားသည့် ဆေးဝါးများ၏ရှေ့တွင် R ဆိုသောစာလုံးကို ရှေ့ဆုံးတွင်ဖော်ပြထားပါသည်။ ဥပမာ – MM Reg No. 1803AA3418, R1406A5423, 1108L0152

ဆေးဝါးသိုလှောင်သိမ်းဆည်းခြင်း

ဆေးဝါးများ၏ အရည်အသွေး အာနိသင်၊ ဘေးအန္တရာယ်ကင်းရှင်းမှုများသည် ဆေးဝါးသိုလှောင်သိမ်းဆည်းမှုစနစ်တွင် မူတည်နေသည်။ သိုလှောင်သိမ်းဆည်းမှု မကောင်းပါက အရည်အသွေး ပျက်ပြယ်နိုင်သည့်အပြင် ဘေးထွက်ဆိုးကျိုးများစွာလည်း ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် ဆေးဝါးများကို စနစ်တကျ သိုလှောင်သိမ်းဆည်းထားရမည် ဖြစ်ပါသည်။

စနစ်တကျ ဆေးဝါးသိုလှောင်သိမ်းဆည်းနည်းများ

၁။ ဆေးများကို အေး၍ခြောက်သွေ့သောနေရာတွင် စနစ်တကျ စင်များဖြင့် သိုလှောင်သိမ်းဆည်းရပါမည်။

၂။ နေရောင်ခြည် တိုက်ရိုက်ကျရောက်နိုင်သောနေရာများနှင့် အပူချိန်မြင့်မားလွန်းသောနေရာများတွင် သိုလှောင်သိမ်းဆည်းခြင်း မပြုရပါ။

၃။ စိုထိုင်းဆများလွန်းသောနေရာများတွင် ဆေးဝါးများကို သိုလှောင်ထားခြင်းမပြုရပါ။

၄။ ကလေးများ အလွယ်တကူ လက်လှမ်းမီနိုင်သော နေရာများတွင်ဆေးဝါးများကို သိမ်းဆည်းထားခြင်း မပြုရပါ။

၅။ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီစင်တီဂရိတ်တွင် ထားရှိရမည့်ဆေးဝါးများကို ရေခဲသေတ္တာထဲတွင် စနစ်တကျသိမ်းဆည်း ထားရ မည်ဖြစ်သည်။ (ဥပမာ- ကာကွယ်ဆေး၊ ကင်ဆာရောဂါကုသဆေး၊ အင်ဆူလင်ထိုးဆေးများ ဖြစ်ပါသည်။)

ဆေးဝါးအမျိုးအစားများ

ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများအားဝယ်ယူသုံးစွဲနိုင်မှုနှင့် ရောင်းချရန်စနစ်အရ အမျိုးအစား (၃)မျိုး ခွဲခြားနိုင်ပါသည်။

(၁) ဆရာဝန်ညွှန်ကြားချက် မလိုအပ်သော ဆေးဝါးများ (Over The Counter – OTC)

အဆိုပါ OTC ဆေးများကို ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများနှင့်တိုင်ပင်၍ လိုင်စင်ရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။
ဥပမာ – ဓါတ်ဆားထုပ်များ၊ အားဆေး၊ အဖျားပျောက်ဆေး၊ သာမန်အကိုက်အခဲပျောက်ဆေးများ
(၂)ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရမည့် ဆေးဝါးများ(Prescription Only Medicine – POM)

အဆိုပါ POM ဆေးများကို ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူသုံးစွဲရမည်ဖြစ်ပါသည်။ လိုင်စင်ရဆေးဆိုင်များဘက်မှလည်း ဆေးညွှန်းစာဖြင့်သာ စနစ်တကျ ရောင်းချပေးသင့်ပါသည်။ ဥပမာ – Antibiotic (ပဋိဇီဝဆေးများ၊ သွေးတိုးကျဆေးများ၊ နှလုံးရောဂါတွင် သုံးသောဆေးများ၊ ထိုးဆေးများ

() ထိန်းချုပ်ဆေးဝါးများ (Controlled Drug)

ဆေးဝါးအလွဲသုံးမှု ပြဿနာများမဖြစ်ပေါ်စေရန်အတွက် သတ်မှတ်ပေးထားသော ထိန်းချုပ်ဆေးဝါးများကို ဆရာဝန်၏ ဆေးညွှန်းစာဖြင့် ထိန်းချုပ်ဆေးဝါးရောင်းချခွင့်လိုင်စင်ရှိသော ဆိုင်များတွင်သာ စနစ်တကျဝယ်ယူသုံးစွဲရမည်ဖြစ်ပါသည်။ ဥပမာ – အိပ်ဆေးများ

ဆေးဆိုင်များတွင် ဆေးဝါးများရောင်းချသည့်အခါ လိုက်နာဆောင်ရွက်ရန်

  1. လုပ်ငန်းအမည်၊ လိပ်စာ၊ လူအမည် (ပိုင်ရှင်၊ ကြီးကြပ်သူ)၊ လိပ်စာနှင့် အဆောက်အအုံ၊ မြေနေရာ၊ ဆေးအမျိုးအစားများသည် လိုင်စင်တွင် ဖော်ပြချက်များနှင့်အညီ ဖြစ်ရမည်။
  2. ဆေးဝါးသည် ဘေးဥပါဒ်ပေးကြောင်း၊ အရည်အသွေးအာနိသင်တို့နှင့် စပ်လျဉ်းသည့် အသေးစိတ်သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိကြောင်းတို့ကို သိရှိသတိပြုမိလျှင် (သို့မဟုတ်) လိုင်စင်ထုတ်ပေးသည့်ဌာန၊ ဆေးဝါးထုတ်လုပ်သူ (သို့မဟုတ်) တင်သွင်းသူမှ ယင်းသို့ ဖြစ်သည်ဟု အကြောင်းကြားလာပါက သက်ဆိုင်ရာဆေးဝါးအား ဖြန့်ဖြူးရောင်းချခြင်းမှ ချက်ချင်းရပ်ဆိုင်းခြင်း၊ ဈေးကွက်မှ ပြန်လည် သိမ်းယူခြင်းပြုရမည့်အပြင် လိုင်စင်ထုတ်ပေးသည့်ဌာန၏ အခြားညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည်။
  3. ဆေးဝါးများ ရောင်းချရာတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော ဆေးဝါးများ (ဥပမာ – အဖျားပျောက်ဆေး၊ အားဆေး၊ သာမန်အကိုက်အခဲပျောက်ဆေး၊ ဓါတ်ဆားထုပ်များ) ကိုသာ ရောင်းချရမည်။
  4. လူနာများပြောပြသော ရောဂါလက္ခဏာများအလိုက် ဆေးဝါးများရောင်းချခြင်းအား ရှောင်ကြဉ်ရမည်။
  5. စပ်ဆေး၊ စံမညီဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများအား လုံးဝမရောင်းရ။
  6. ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိမှသာ ဆေးဝါးရောင်းချရမည်။
  7. ရောင်းချမည့်ဆေးဝါးများကို အမှတ်တံဆိပ်တွင် ဖော်ပြထားသည့် သတ်မှတ်ထားသောအပူချိန်အတိုင်း သိုလှောင် သိမ်းဆည်း၍ ရောင်းချရမည်။
  8. ဆေးဝါးများကို သက်ဆိုင်ရာ ဆေးဘူးခွံများထဲတွင်သာ ထည့်၍ ရောင်းချရမည်။
  9. ဆေးဝါးများ၏ ဘူးခွံပေါ်ရှိ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်နှင့် သက်တမ်းကုန်ရက်စွဲတို့ကို ပုံမှန်စိစစ်၍ ရောင်းချရမည်။
  10. ဆေးဝါးဝယ်ယူ၊ ရောင်းချမှုစာရင်းများအား စာရင်းစာအုပ်ဖြင့် စနစ်တကျ ပြုစုထားရှိရမည်။
  11. ဆေးဝါးများဝယ်ယူရာတွင် ဆေးဝါးရောင်းချခွင့်လိုင်စင်ရ ကိုယ်စားလှယ်မှတဆင့် ဝယ်ယူရန်။
  12. ဆေးဆိုင်သန့်ရှင်းရေးအား ပုံမှန်စနစ်တကျ လုပ်ရန်။