ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၇) ကူးစက်နိုင်သေ...
  5. ၇.၁၄ လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ

၇.၁၄ လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ

လက်ပ်တိုစပိုင်ရိုးစစ် ရောဂါသည် ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားစေပြီး တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါ ဖြစ်သည်။ ကပ်အသွင်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါဖြစ်ပြီး လူအများအပြား အသက်ဆုံးရှုံးနိုင်ပါသည်။

စောစီးထိရောက်စွာ ဆေးကုသခြင်းမရှိပါက အသက်ဆုံးရှုံးနိုင်ပါသည်။

ရောဂါလက္ခဏာများ

  • ဖျားခြင်း၊ ချမ်းခြင်း ၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ မျက်လုံးနီရဲခြင်း၊ အသားဝါခြင်း၊ အရေပြားတွင် အနီစက်၊ အနီကွက်များထွက်ခြင်း၊ ချောင်းဆိုး သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း စသည်တို့ ဖြစ်တတ်သည်။
  • လက်ပ်တိုစပိုင်ရိုးစစ်ရောဂါလက္ခဏာများသည် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အသည်းရောင်အသားဝါ ရောဂါ၊ တိုက်ဖွိုက်ရောဂါတို့၏ လက္ခဏာများနှင့် ရောထွေးမှားယွင်းတတ်သည်။
  • လက်ပ်တိုစပိုင်ရိုးစစ်ရောဂါဟု အတည်ပြုနိုင်ရေးအတွက် ဓာတ်ခွဲစစ်ဆေးရန် လိုအပ်သည်။

ကူးစက်နိုင်သည့် နည်းလမ်းများ

  • ရောဂါပိုးကူးစက်ခံထားရသည့် အိမ်မွေးတိရစ္ဆာန်များ အပါအဝင် အခြားတိရစ္ဆာန်များ (ကြွက်၊ နွား၊ ဝက်၊ ခွေး၊ မြင်း၊ ကျွဲ၊ သိုး၊ ဆိတ် စသည်)၏ ကျင်ငယ်ရည်အား ထိတွေ့ကိုင်တွယ်မိခြင်းမှတစ်ဆင့် ရောဂါကူးစက်ဖြစ်ပွားနိုင်သည်။
  • အထူးသဖြင့် လယ်ယာလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်းလုပ်ကိုင်သူများတွင် အဖြစ်များသည်။
  • မိုးရာသီနှင့် ကောက်ရိတ်သိမ်းချိန် ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

  • လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရန် မိုးရာသီနှင့် ကောက်ရိတ်သိမ်းချိန် ကာလများအတွင်း ရေလျှံနေသော နေရာများရှိ ရေအိုင်များ၌ ဆော့ကစားခြင်း၊ ရေချိုးခြင်း၊ ရေကူးခြင်း၊ မသန့်ရှင်းသော ရေများအား သောက်သုံးခြင်း၊ သုံးစွဲခြင်းတို့အား ရှောင်ကြဉ်ပါ။
  • လယ်ယာလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လည်ရှည်ဖိနပ်၊ လက်အိတ် စသည့် အကာအကွယ်များ ဝတ်ဆင်ပြီးမှသာ လုပ်ငန်းခွင်ဝင်သင့်ပါသည်။
  • တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြုပါ။

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ အချိန်မီဆေးကုမှုခံယူပါ။စောစီးစွာသိရှိပြီး နီးစပ်ရာကျန်းမာရေးဌာနတွင် အချိန်မီဆေးကုမှုခံယူရန် လိုအပ်ပါသည်။ဆေးကုသမှု နောက်ကျပါက အသက်ဆုံးရှုံးနိုင်သည်။