ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၃) အာဟာရဖွံ့ဖြို...
  5. ကလေးသူငယ် အစာကျွေးမွေး ပြုစုခြင်း

ကလေးသူငယ် အစာကျွေးမွေး ပြုစုခြင်း

သင့်ကလေး ကျန်းမာဖွံ့ဖြိုးစေရန် မိခင်နို့နှင့် ဖြည့်စွက်စာကို စနစ်တကျ တိုက်ကျွေးပါ။

ဖြည့်စွက်စာ ဆိုသည်မှာ ကလေးအသက် ၆လပြည့်လျှင် မိခင်နို့နှင့်အတူ ဖြည့်စွက်ကျွေးမွေးရသည့် အခြားအစားအစာများကို ဆိုလိုသည်။

  • ကလေးအသက်(၆)လပြည့်လျှင် မိခင်နို့နှင့်အတူ ထမင်း၊ အသားငါး၊ အသီးအရွက်၊ ပဲအမျိုးမျိုး၊ ငှက်ပျောသီး၊ ကြက်ဥ စသည့် အဖတ်များ၊ ဆန်ပြုတ်၊ စွပ်ပြုတ်နှင့် အရည်အမျိုးမျိုးကို ဖြည့်စွက်ကျွေးရန် လိုအပ်ပါသည်။
  • အသက်(၆)လ ပြည့်ပြီးသော ကလေးအား ဖြည့်စွက်စာကျွေးရာတွင် ဆီအနည်းငယ် (လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်) ထည့်၍ ကျွေးရပါမည်။
  • သစ်ဥ၊ သစ်ဖုနှင့် မုန့်ပဲသရေစာများ အပါအဝင် အစားအစာမျိုးစုံတို့ကို တဖြည်းဖြည်း အကျင့်လုပ်၍ ကျွေးရပါမည်။

ငါးနှစ်အောက်ကလေး အစာခဏခဏကျွေး

  • ငါးနှစ်အောက်ကလေးများသည် လူကြီးများကဲ့သို့ တစ်ကြိမ်တည်းနှင့် အစာအများကြီး မစားနိုင်ကြပါ။ လူကြီးများကဲ့သို့ တစ်နေ့လျှင် နှစ်ကြိမ်စားရုံဖြင့် မလုံလောက်ပါ။
  • တစ်နေ့လျှင် ထမင်းသုံးကြိမ် ကျွေးပါ။
  • အာဟာရပြည့်ဝသော မုန့်ပဲသရေစာများ တစ်နေ့လျှင်(၂)ကြိမ် ကျွေးပါ။
  • ကလေးစားချင်အောင် ချော့မြူ၍ ကျွေးရမည်။

နေမကောင်းသည့်ကလေး အစာပိုကျွေး

  • ကလေးငယ် နေမကောင်းဖြစ်နေစဉ်နှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေစဉ်
  • အစာမကျွေးဘဲ မထားပါနှင့်၊ ကလေးက မစားချင်သည့်တိုင် ချော့မြူပြီး ကျွေးပါ။
  • အစာကို တစ်ကြိမ်ကျွေးလျှင် ပမာဏနည်းနည်းနှင့် အကြိမ်များများ ကျွေးပါ။
  • အစာပျော့ပျော့ ကျွေးပါ။ အရည်များများ တိုက်ပါ။
  • မိခင်နို့ ဆက်တိုက်ပါ။ ဓာတ်ဆားရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ် တိုက်ပါ။
  • အာဟာရပြည့်ဝမှ မြန်မြန်နာလန်ထမည်။
  • ကလေးအစာမဝင်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့အမြန်ပြပါ။

နာလန်ထချိန်တွင် ကလေးခံတွင်း ပြန်ကောင်းလာတတ်ပါသည်။ နာမကျန်းဖြစ်စဉ် လျော့နည်းသွားသော ကိုယ်အလေးချိန်ကို အမြန်ဆုံး ပြန်လည်ရရှိအောင် နာလန်ထချိန်တွင် အစာပိုကျွေးပါ။

၂ – နှစ်အောက် ကလေးသူငယ်များကို ဖြည့်စွက်စာ ကျွေးခြင်း