ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၂) တိုးချဲ့ကာကွယ်...
  5. ၁–၁၁။ ဂျပန်ဦးနှောက်ရောင်ရောဂါ

၁–၁၁။ ဂျပန်ဦးနှောက်ရောင်ရောဂါ

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပါသည်။ ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေပြီး ပြင်းထန်သောနောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။

ရောဂါလက္ခဏာများ

ရောဂါကူးစက်ခံရသူ အများစုသည် ရောဂါလက္ခဏာများ မပြကြပါ။ ပျမ်းမျှအားဖြင့် ရောဂါပိုးကူးစက်ခံရသူ (၂၅၀) တွင် (၁)ဦးသာ ရောဂါ လက္ခဏာများ ရှိကြပါသည်။

ကနဦးလက္ခဏာများ

  • ရုတ်တရက်အဖျားကြီးခြင်း
  • ခေါင်းကိုက်ခြင်း
  • မောပန်းပြီးနုံးခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • ရောဂါဖြစ်ပွားစတွင် ကလေးများသည် ဗိုက်နာခြင်းကို ထင်ရှားစွာ ခံစားကြရပါသည်။

နောက်ဆက်တွဲလက္ခဏာများ

  • လည်ပင်းတောင့်တင်းခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • သတိလစ်ခြင်း
  • မူးဝေအိပ်ငိုက်ခြင်း
  • လှုပ်ရှားမှုမမှန်ခြင်း
  • တက်ခြင်း စသည်တို့ဖြစ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ အသက် (၁၀)နှစ်အောက်ကလေးငယ်များတွင် ပြင်းထန်သောရောဂါဖြစ်ပွားမှု များပြားပြီး သေဆုံးမှုနှုန်းများပါသည်။

ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ (၁ဝဝ)ဦး တွင် (၂၀) ဦး မှ (၃ဝ)ဦး အထိ အသက်သေဆုံးနိုင်ပါသည်။ အသက်ရှင်ကျန်ရစ်သူများမှ ထက်ဝက်နီးပါးခန့်တွင် အကြောသေခြင်းနှင့် ဦးနှောက်ပျက်စီးခြင်းများ ဖြစ်စေနိုင်ပါသည်။

ရောဂါကူးစက်ပုံ

  • ဂျပန်ဦးနှောက်ရောင်ရောဂါပိုးသည် ငှက်များနှင့် အိမ်မွေးတိရစ္ဆာန်များ၊ အထူးသဖြင့် ရေတိမ်တွင်ကျက်စားသော ခြေတံရှည်ငှက်များ၊ ဝက်များသည် ရောဂါပိုးသိုလှောင်ရာဌာန ဖြစ်သည်။
  • ရောဂါပိုး သယ်ဆောင်သော ခြင်များမှတဆင့် ကူးစက်ပျံ့နှံ့သည်။
  • ဆည်မြောင်းရေသွင်း စိုက်ပျိုးသောနေရာများတွင် ခြင်ပေါက်ပွားသောကြောင့် တစ်နှစ်ပတ်လုံး ကူးစက်ဖြစ်ပွားနိုင်သည်။ သို့သော် မိုးရာသီ ကာလတွင် အများဆုံး ဖြစ်ပွားတတ်သည်။
  • ကျေးလက်နေလူထုများ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးသူများတွင် ဖြစ်ပွားမှုများပြားသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

  • ကာကွယ်ဆေးထိုးခြင်းသည် တစ်ခုတည်းသော အရေးပါဆုံး ကာကွယ်ရေးနည်းလမ်း ဖြစ်ပါသည်။
  • ဂျပန်ဦးနှောက်ရောင်ရောဂါပိုး သယ်ဆောင်သောခြင်များသည် ညနေစောင်း နေဝင်ရီတရောတွင် ကိုက်လေ့ရှိသောကြောင့် ကလေးများကို ခြင်ထောင်ဖြင့် အိပ်စေခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။

ကာကွယ်ဆေးထိုးသင့်သူများ

• ရောဂါကူးစက်ဖြစ်ပွားလွယ်သည့်နေရာများသို့ ခရီးသွားမည့်သူများသည် ခရီးမထွက်မီ (၁)လအလို ကြိုတင်ကာကွယ်ဆေး ထိုးနှံသင့် ပါသည်။ ကာလရှည်ခရီးထွက်သူများ၊ မကြာခဏခရီးသွားသူများ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကပ်အသွင်ဖြစ်ပွားနေသည့် နိုင်ငံများကို ခရီးသွားသူများနှင့် ကျေးရွာကို လည်ပတ်သူများမှာ အဓိက ထိုးနှံသင့်ပါသည်။

• အသက် (၉)လအရွယ်မှစ၍ လူကြီးများ၊ လူငယ်များအားလုံး ကြိုတင်ကာကွယ်ဆေး ထိုးနှံနိုင်ပါသည်။

၂၀၁၈ ခုနှစ်မှ စတင်၍ အသက် (၉) လအရွယ် ကလေးများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည် ဖြစ်ပါသည်။ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ကလေး၏ ဘယ်ဘက်လက်မောင်းအပေါ်ပိုင်း အရေပြားအောက်သို့ ထိုးနှံပေးပါသည်။

Tags