ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၇) ကူးစက်နိုင်သေ...
  5. ၇.၁၇ အသည်းရောင်အသားဝါ (အေ) ရောဂါ

၇.၁၇ အသည်းရောင်အသားဝါ (အေ) ရောဂါ

အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ရောဂါ (အေ) ပိုးကြောင့်ဖြစ်ပွားသော ရောဂါတစ်ခုဖြစ်ပါသည်။ နာတာရှည်အသည်းရောဂါဖြစ်ပွားပြီး မောပန်းနွမ်းနယ်ခြင်း၊ မအီမသာဖြစ်ခြင်းများ ခံစားရတတ်ပါသည်။ ရုတ်တရက် အသည်းရောင်ခြင်းများ ဖြစ်ပေါ်ပါက တစ်ခါတစ်ရံ အသက်သေဆုံးတတ်ပါသည်။

ရောဂါလက္ခဏာများ

  • ဖျားခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း
  • ပျို့အန်ခြင်း
  • အဆစ်အမြစ်ကိုက်ခဲခြင်း

ကူးစက်နိုင်သည့် နည်းလမ်းများ

  • ရောဂါရှိသူ၏ ကိုယ်ခန္ဓာမှထွက်သော အရည်များနှင့် ထိတွေ့ကိုင်တွယ်မိခြင်း၊ မသန့်ရှင်းသော အစားအစာနှင့် ရေများအား စားသောက်မိခြင်း မှတစ်ဆင့် ကူးစက်နိုင်သည်။
  • ရောဂါပိုးရှိသူ၏ အညစ်အကြေး၊ မစင်တို့မှတစ်ဆင့် ကူးစက်နိုင်သည်။
  • ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်းမှလည်း ကူးစက်နိုင်သည်။

ဤရောဂါသည် အလွယ်တကူ ကူးစက်တတ်ပြီး အထူးသဖြင့် ကလေးများတွင် ပိုမို၍ဖြစ်ပွားတတ်သည်။ အသည်းရောင်အသားဝါရောဂါ (အေ) အဖြစ်များသောဒေသတွင် နေထိုင်ခြင်း၊ ထိုဒေသသို့ ခရီးသွားခြင်း၊ အလုပ်သွားရောက်လုပ်ကိုင်ခြင်း၊ ရောဂါပိုးရှိသူနှင့် အတူနေထိုင်သူများတွင် ပိုမိုဖြစ်ပွားတတ်ပါသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

  • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။ အစားအစာ မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
  • အစားအစာများအား သေချာစွာ ကျက်အောင်ချက်ပြုတ်၍ ပူပူနွေးနွေးစားသုံးပါ။ အသား၊ ငါးနှင့် ပင်လယ်စာများအား မချက်ပြုတ်ဘဲ အစိမ်းစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
  • လက်သုပ်စာများ၊ ယင်နားစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ အစားအစာများအား ယင်မနားအောင် ဖုံးအုပ်ထားပါ။
  • အသီးအရွက်နှင့် အသားငါးများအား သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာဆေးကြောပြီးမှ ချက်ပြုတ်စားသုံးပါ။ သစ်သီးဝလံများအား အခွံနွှာပြီးမှ စားသုံးပါ။
  • ရေကို ကျိုချက်သောက်သုံးပါ။
  • ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲပါ။
  • ရောဂါဖြစ်ပွားသူလူနာများအနေဖြင့် အရေပြားနှင့် မျက်သားဝါပြီးနောက် (၁၀) ရက်ကြာသည်အထိ မိမိနေအိမ်တွင်သာ နေထိုင်ပါ။ အစားအသောက်ရောင်းချသူများတွင် ရောဂါဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါပြီးနောက် (၁၀)ရက်ကြာသည်အထိ အစားအသောက် ကိုင်တွယ်ရောင်းချခြင်းအား ရပ်နားထားပါ။
  • အကိုက်အခဲပျောက်ဆေးများ မလိုအပ်ဘဲ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
  • အရက်အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
  • ဖျားခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အရေပြားနှင့် မျက်သားဝါခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသပါ။ အဆိုပါရောဂါလက္ခဏာဖြစ်ပွားသူ သံသယလူနာများအား တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ပါ။
  • အသက် (၁)နှစ်နှင့်အထက်လူများတွင် အသည်းရောင်အသားဝါ(အေ) ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံခြင်းဖြင့် အသည်းရောင်အသားဝါ ရောဂါ (အေ) ပိုးကူးစက်ခံရမှုမှ ကာကွယ်နိုင်သည်။