ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း​ (၁၅) အထွေထွေ...
  5. ၁၅.၁ သွားနှင့်ခံတွင်းကျန်းမာရေး

၁၅.၁ သွားနှင့်ခံတွင်းကျန်းမာရေး

သွားနှင့်ခံတွင်းရောဂါများတွင် အဖြစ်များသောရောဂါများမှာ သွားပိုးစားရောဂါနှင့် သွားဖုံးရောဂါများဖြစ်ပါသည်။ သွားပိုးစားရောဂါ (သွားဆွေးမြေ့ခြင်းရောဂါ)နှင့် သွားဖုံးရောဂါများမှာ အခြေခံအားဖြင့် သွားနှင့်သွားဖုံးပတ်ပတ်လည်တွင်ရှိသော သွားချေးလွှာမှ ဘက်တီးရီးယား ပိုးများ၏ အဆိပ်များ ဝင်ရောက်ခိုအောင်းခြင်းမှ စတင်ခြင်းဖြစ်ပါသည်။ ရောဂါပိုးဝင်ရောက်၍ ဖြစ်ပွားမှုမှာ လူတစ်ယောက်၏ အလေ့အကျင့်၊ ခန္ဓာကိုယ်၏တုန့်ပြန်နိုင်သော ကိုယ်ခံအားပေါ်တွင်လည်း မူတည်ပါသည်။ ထိုအချက်များကြောင့်ပင် မကူးစက် နိုင်သောရောဂါများနှင့် သွားနှင့်ခံတွင်းရောဂါများမှာ ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

သွားပိုးစားခြင်းရောဂါ

သွားချေးလွှာထဲမှ ဘက်တီးရီးယားသည် အစားအစာထဲမှ သကြားဓာတ်ကို အက်ဆစ်ဓာတ်အဖြစ်သို့ ပြောင်းလဲစေပါသည်။ သွားထဲမှ သတ္တုဓာတ် (ကယ်လ်စီယမ်၊ ဖော့စဖိတ်)တို့သည် အက်ဆစ်ဓာတ်ထဲတွင် ပျော်ဝင်တတ်ပြီး သွားမျက်နှာပေါ်တွင် အပေါက်ဖြစ်ပေါ်စေပါသည်။

ရောဂါလက္ခဏာများ
  • သွားဦးခေါင်းပိုင်းရှိ ကြွေသွားလွှာတွင်ဖြစ်သော သွားပိုးစားရောဂါသည် နာကျင်မှုကိုမဖြစ်စေပါ။
  • သွားအနှစ်လွှာ (ဆင်စွယ်နှစ်လွှာ)ကိုရောက်သောအခါ သွားပိုးစားရောဂါသည် နာကျင်မှုကို ဖြစ်ပေါ်စေပါသည်။ သွားကြောလွှာ (သွေးကြောများ၊ အာရုံကြောများ) ရှိသောအလွှာသို့ ကူးစက်သွားသော သွားပိုးစားရောဂါသည် ပြင်းထန်သော နာကျင်မှုကို ဖြစ်စေပါသည်။တစ်ခါတစ်ရံ ဘက်တီးရီးယားပိုး အဝင်ခံရသော သွားကြောလွှာသည် သေသွားနိုင်ပြီး သွားလည်း ကွဲအက် ပျက်စီးသွားတတ်ပါသည်။
  • ဘက်တီးရီးယားကူးစက်ခြင်းသည် သွားဖုံးထိပ်သို့ရောက်သောအခါ သွားဖုံးရိုးတွင် သွားပြည်တည်နာကို ဖြစ်စေပြီး သွားရှိနေသည့် မေးရိုး နှင့် မျက်နှာရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါသည်။ ရောင်ရမ်းခြင်းသည် မျက်နှာပြင်တစ်လျှောက် အနှံ့အပြားသို့ ရောက်ရှိသွားနိုင်ပြီး သွေးကြောများမှတစ်ဆင့် ဦးနှောက်ထဲသို့ ပိုးဝင်ရောက်ခြင်းကြောင့်လည်းကောင်း၊ မျက်နှာအောက်ပိုင်းသို့ ပျံ့နှံ့သွားလျှင် အသက်ရှူရ ခက်ခဲခြင်းကြောင့်လည်းကောင်း အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
သွားပိုးစားရောဂါ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ

၁။ ဘက်တီးရီးယားလွှာ (သွားချေးလွှာ)ကို ကင်းရှင်းစေခြင်း။ (ဥပမာ- စနစ်မှန်သွားတိုက်ခြင်း၊ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးခြင်း၊ သွားပွတ်ကြိုးအသုံးပြုခြင်း)

၂။ သွားအတွက်သင့်လျော်သော အစားအသောက်များကိုစားသောက်ပေးခြင်း (ဥပမာ-ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ) ၃။ ဖလိုရိုဒ်ဓာတ်ပါသော သွားတိုက်ဆေးကို အသုံးပြုခြင်း

သွားပိုးစားခြင်းရောဂါကုသခြင်း

ကုသမှုများသည် သွား၏အခြေအနေပေါ်တွင် မူတည်ပါသည်။

၁။ အခြေခံကျန်းမာရေးလုပ်သားက အရေးပေါ်ဆေးထည့်ပေးခြင်း / ရှေးဦးပြုစုခြင်း

၂။ သွားဆရာဝန်ထံသွားပြီး ယာယီသွားဖာထေးခြင်းနှင့် အပြီးသွားဖာထေးခြင်း

၃။ သွားဝန်းကျင်တွင်ဖြစ်သော ပြည်တည်နာအတွက် ဘက်တီးရီးယားကိုသေစေသော ပဋိဇီဝဆေးပေးပြီး သွားနှုတ်ရန် လိုအပ်ပါက သွားဆရာဝန်ထံ စေလွှတ်ပေးခြင်း

သွားဖုံးရောဂါ

သွားပတ်လည်ရှိ သွားချေးလွှာများမှ ဘက်တီးရီးယားများ၏ အဆိပ်များကြောင့် သွားဖုံးများ၊ သွားမြစ်ဝန်းကျင် တစ်သျှူးများ၊ သွားဖုံးရိုး များတွင် နဂိုအရောင်မှ နီမြန်းလာပြီး ရောင်လာခြင်း၊ သွေးထွက်လာခြင်းဖြစ်သည်။

သွားဖုံးရောဂါဖြစ်စေသောအချက်များ

၁။ ဆေးလိပ်သောက်ခြင်း

၂။ ကွမ်းစားခြင်း

၃။ ဆီးချိုရောဂါအခံရှိနေခြင်း

၄။ အမျိုးသမီးများ၏ အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးချိန်များတွင် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း

၅။ ဆေးဝါးကြာရှည် စွဲသောက်နေသူများတွင် ၎င်းဆေးဝါး၏ဆိုးကျိုးကြောင့်ဖြစ်ခြင်း

၆။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (ဥပမာ- AIDS)များတွင် ဆက်နွယ်၍ဖြစ်ခြင်း

၇။ သွားနှင့် ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း

၈။ သွားတိုက်နည်းစနစ် မမှန်ခြင်း

ရောဂါလက္ခဏာများ

၁။ သွားဖုံးများ နီရဲပြီးရောင်နေခြင်း နာခြင်း

၂။ သွားဖုံးများကို ထိလိုက်သောအခါ နာပြီး သွေးထွက်ခြင်း

၃။ အစာဝါးသောအခါ နာခြင်း

၄။ ခံတွင်းအနံ့ဆိုးများမပျောက်ခြင်း

၅။ သွားများလှုပ်ခြင်း

၆။ သွားကျဉ်မှုကို ခံစားရခြင်း

၇။ သွားဖုံးများနိမ့်ကျပြီး သွားအမြစ်များပေါ်လာခြင်း (သွားရှည်ထွက်လာခြင်း)

၈။ သွားကြားတွင်အစာညပ်ခြင်း၊ သွားဖုံးများယားယံခြင်း

ကာကွယ်နိုင်မည့် နည်းလမ်းများ
၁။ စနစ်မှန်သွားတိုက်နည်းဖြင့် အနည်းဆုံး တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးခြင်းဖြင့် သွားချေးလွှာများကို ဖယ်ရှားပါ။ ၂။ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို မျှတစွာ စားပေးခြင်းဖြင့် သွားမြစ်ဝန်းကျင် တစ်ရှူးများအားကောင်းလာ စေပါသည်။ ၃။ ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးခြင်း၊ ကွမ်းစားခြင်းများသည် သွားဖုံးနှင့် သွားရောဂါများကို ပိုမိုဆိုးရွားစေသဖြင့် ရှောင်ကြဉ်ပါ။
သွားဆရာဝန်ထံ (၆) လ တစ်ကြိမ် ပုံမှန်ပြသ စစ်ဆေးမှုခံယူပါ။
သွားဖုံးရောဂါကုသခြင်း

၁။ သွားချေးလွှာနှင့် သွားချေးကျောက်များကို သွားဆရာဝန်ထံ၌ ကုသမှုခံယူပြီး ဖယ်ရှားခြင်း။

၂။ သွားဖုံးပြည်တည်နာအတွက် ဘက်တီးရီးယားကိုသေစေသော ပဋိဇီဝဆေးနှင့် အကိုက်အခဲပျောက်ဆေးပေးပြီး သွားဆရာဝန်ထံ စေလွှတ်ပေးခြင်း။

ကိုယ်ဝန်ဆောင်မိခင်များ၏ ခံတွင်းကျန်းမာရေး သတိပြုရန်အချက်အလက်များ
  • ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းအတက်အကျဖြစ်သောကြောင့် အစာစားခြင်း၊ သွားတိုက်ခြင်းစသည့် သာမာန်ကိစ္စများ ပြုလုပ်စဉ်မှာပင် သွားဖုံးမှ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်းတို့ဖြစ်တတ်ပါသည်။
  • ထိုကဲ့သို့ ကြုံတွေ့ရပါက သွားတိုက်ခြင်းကို ရပ်တန့်ရန်မလိုပါ။ ခါတိုင်းထက်ပိုမိုဂရုပြု၍သွားကို ဆက်လက်တိုက်ရန်လိုပါသည်။
  • ရက်သတ္တပတ် တစ်ပတ်ကျော်သည်အထိ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း ရှိနေသေးလျှင် သွားဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန် များနှင့် ပြသ ဆွေးနွေး ကုသမှုခံယူပါ။ ။
  • ကိုယ်ဝန်ဆောင်မိခင်တွင် သွားချေးလွှာ၊ သွားချေးကျောက်များရှိနေပါက သွားချေးလွှာများမှ ဘက်တီးရီးယား အဆိပ်များသည် မိခင်၏ သွေးလည်ပတ်မှုမှတဆင့် အချင်းကိုဖြတ်ပြီး သန္ဓေသားဆီသို့ ရောက်ရှိသွားပါသည်။
  • ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့် အချင်း၏အမြှေးပါးများရောင်ရမ်းပြီး သန္ဓေသားကြီးထွားမှုကို နှောင့်နှေးစေပါသည်။
  • ဆိုးရွားသောရလဒ်အဖြစ် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ပေါင်မပြည့်ဘဲမွေးဖွားခြင်း၊ လမစေ့ဘဲမွေးဖွားခြင်း၊ မွေးရာပါရောဂါများပါလာခြင်းတို့ ဖြစ်တတ်ပါသည်။
  • ကိုယ်ဝန်ရှိသည်နှင့်တပြိုင်နက် သွားနှင့် ခံတွင်းကျန်းမာရေးကို စစ်ဆေးထားသင့်ပါသည်။
  • ထို့ကြောင့်ကိုယ်ဝန်ဆောင်ကာလ၏ (၄)လမြောက်ကာလမှ (၇)လမြောက်ကာလအတွင်း သွားချေးကျောက်များကို သွားဆရာဝန်ထံ၌ ကုသမှုခံယူပြီး ဖယ်ရှားပစ်ရပါမည်။
စနစ်မှန်သွားတိုက်နည်း

၁။ သွားပွတ်တံသုံး၍ ဖလိုရိုဒ်သွားတိုက်ဆေးနှင့် တစ်နေ့နှစ်ကြိမ် (နံနက်စာ စားပြီးချိန်နှင့် ညအိပ်ယာ မဝင်မီ) သွားတိုက် ခြင်းဖြင့် သွားပိုးစားရောဂါနှင့် သွားဖုံးရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်သည်။

၂။ သွားတိုက်ရာတွင် သွားပွတ်တံအမျှင်များကို သွားဖုံးစပ်မှနေ၍ သွားဖက်သို့ဆွဲတိုက်၍ အပေါ်သွား၊ အောက်သွား၊ ရှေ့သွား၊ နောက်သွား အတွင်းအပြင်သွားမျက်နှာပြင်နှင့် သွားကြိုသွားကြားမကျန် သွားတိုက်ဆေးနှင့် ထိစပ်ရန်အရေးကြီးသည်။

၃။ သွားတိုက်လေ့မရှိသေးသူများ သွားစတိုက်သည့်အခါ သွေးထွက်လေ့ရှိသည်။ တစ်နေ့နှစ်ကြိမ် ဆက်၍သွားတိုက်ခြင်းဖြင့် တစ်ပတ်အတွင်း သွားဖုံးမှသွေးထွက်ခြင်း ပျောက်ကင်းနိုင်သည်။

၄။ ဖလိုရိုဒ်သွားတိုက်ဆေး အာနိသင်လျော့မသွားစေရန် သွားတိုက်အပြီး ရေနှင့်ပလုပ်ကျင်းရန်မလိုဘဲ ပိုနေသော သွားတိုက်ဆေးအမြုပ်များကို ထွေးပစ်ရန်သာဖြစ်သည်။

၅။ အသက်ခြောက်နှစ်အောက်ကလေးများ သွားတိုက်ရာတွင်ဖလိုရိုဒ်သွားတိုက်ဆေးကိုကုလားပဲစေ့တစ်ခြမ်းခန့်သာထည့်ပါ။

အသက်ခြောက်နှစ်အောက်ကလေးများ သွားတိုက်ခြင်းကို မိဘ၊ အုပ်ထိန်းသူများက ပြုလုပ်ပေးပါ။ သို့မဟုတ် ကြီးကြပ် ပေးပါ။

၆။ အသက်သုံးနှစ်အောက်ကလေးများ တစ်နေ့တစ်ကြိမ် သွားတိုက်စေ၍ အသက်သုံးနှစ်ကျော်လျင် တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ လျှာကိုပါ တိုက်ပေးပါ။

၇။ သွားတိုက်တံကို မျှဝေမသုံးရ။

၈။ သွားတိုက်တံ တစ်ချောင်းကို (၃)လ ထက်ပိုမသုံးပါနှင့်။

အခြားသွားနှင့် ခံတွင်းရောဂါများ

က။ ခံတွင်းကင်ဆာ

ခ။ သွားမျက်နှာပြင်များ ပြုန်းတီးခြင်း

ဂ။ သွားများမညီမညာဖြစ်ခြင်း

ဃ။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ

က။ ခံတွင်းကင်ဆာ

အပိုင်း(၈)၊ စာမျက်နှာ ၁၅၂တွင် ကြည့်ရန်

ခ။ သွားမျက်နှာပြင်များ ပြုန်းတီးခြင်း
  • အသက်ကြီးရင့်၍ ဇီဝကမ္မဖြစ်စဉ်ကြောင့် ဖြစ်ရခြင်း
  • ဓာတုပစ္စည်းများ (ဥပမာ အချဉ်ဓာတ်ပါဝင်သော အရည်များ)ကို နှစ်ကြာရှည်စွာ သောက်သုံးခြင်း
  • သွားတိုက်နည်းစနစ် မှားယွင်းခြင်း
  • ကြမ်းတမ်းသော အမှုန့်များဖြစ်သည့် မီးသွေး၊ ဖွဲပြာတို့ဖြင့် သွားတိုက်ခြင်း
  • ညအချိန် အံကြိတ်တတ်ခြင်း
  • ကွမ်းယာစားသည့် အလေ့အကျင့်ရှိခြင်းတို့ကြောင့် ဖြစ်နိုင်သည်။
ဂ။ သွားများမညီမညာဖြစ်ခြင်း

သွားရောဂါမဟုတ်သော်လည်း သွားနှင့် ခံတွင်းဆိုင်ရာပြဿနာများတွင် အဖြစ်များသော ပြဿနာတစ်ခုမှာ သွားခေါ်ခြင်း၊ သွားထပ်ခြင်းနှင့် သွားမညီမညာခြင်းတို့ဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ

  • ကလေးဘဝတွင် လက်မစုပ်ခြင်း ၊
  • လက်သည်း၊ လက်ထိပ်တို့ကို အမြဲကိုက်တတ်ခြင်း
  • ပါးစပ်ဖြင့် အသက်ရှူခြင်းနှင့် လျှာဖြင့် သွားများကို အမြတွန်းထုတ်တတ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
ဃ။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ
  • မျိုးရိုးလိုက်ခြင်း
  • အသက် (၃၅)နှစ် အထက် ကိုယ်ဝန်ဆောင်မိခင်မှ မွေးသော ကလေးများတွင်ဖြစ်တတ်ခြင်း
  • ကိုယ်ဝန်ဆောင်စဉ် ပထမ(၃)လတွင် မိခင်မှ ဝက်သက်ပေါက်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ လိမ့်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ သန္ဓေသားအား ထိခိုက်စေတတ်သော ဆေးများအား သုံးစွဲမိခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများ မွေးလာခဲ့ပါက သက်ဆိုင်ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ကာ ကလေး၏ကျန်းမာရေးအတွက် အကြံဉာဏ်ရယူသင့်ပါသည်။