ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၇) ကူးစက်နိုင်သေ...
  5. ၇.၁၈ အသည်းရောင်အသားဝါ (ဘီ)

၇.၁၈ အသည်းရောင်အသားဝါ (ဘီ)

အသည်းရောင်အသားဝါရောဂါပိုးများအနက် (ဘီ) ပိုးကြောင့်ဖြစ်ပွားသည့် အသည်းရောဂါတစ်မျိုးဖြစ်ပြီး ရုတ်တရက် အသည်းရောင်ရောဂါနှင့် နာတာရှည်အသည်းရောဂါဖြစ်စေနိုင်သည့် အသက်အန္တရာယ်ရှိစေနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။

ထို့ပြင်အသည်းရောင်အသားဝါရောဂါ (ဘီ) သည် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးဝန်ထမ်းများအတွက် အရေးကြီးသော အန္တရာယ်ရှိသည့် လုပ်ငန်းခွင်ရောဂါတစ်မျိုးလည်း ဖြစ်ပါသည်။

လက်ရှိတွင် စိတ်ချရ၍ အရည်အသွေးကောင်းမွန်သော ကာကွယ်ဆေးများဖြင့် ၎င်းရောဂါအား (၉၅%) ကာကွယ်နိုင်ပါသည်။ နာတာရှည်အသည်းရောဂါခံစားနေရသောလူနာများသည် အသည်းကင်ဆာရောဂါအဆင့်သို့ လျင်မြန်စွာရောက်ရှိတတ်ပြီး လအနည်းငယ်အတွင်း အသက်သေဆုံးနိုင်ပါသည်။

ရောဂါလက္ခဏာများ

  • ဖျားခြင်း၊
  • မောပန်းနွမ်းနယ်ခြင်း၊
  • ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊
  • ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊
  • အစားအသောက်ပျက်ခြင်း၊
  • အဆစ်အမြစ်ကိုက်ခဲခြင်း၊

ကူးစက်နိုင်သည့် နည်းလမ်းများ

  • မိခင်မှကလေးသို့ ကလေးမွေးဖွားစဉ်တွင် ကူးစက်နိုင်ခြေအများဆုံးဖြစ်ပါသည်။
  • ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း
  • ရောဂါပိုးပါဝင်နေသောသွေး၊ ခန္ဓာကိုယ်မှထွက်သော အရည်များ၊ တံတွေးများ၊ ရာသီသွေးများနှင့် ထိတွေ့ကိုင်တွယ်မှုရှိခြင်း
  • ရောဂါပိုးပါဝင်သော သွေးသွင်းခြင်း ၊
  • ရောဂါပိုးပါဝင်သော ကိုယ်ခန္ဓာအစိတ်အပိုင်းများ အစားထိုးကုသခြင်း
  • ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါရှိသူလူနာအား ကုသမှုပေးနေစဉ် မတော်တဆအပ်စူးမိခြင်း (သို့) အကြောတွင်းသို့ မူးယစ်ဆေးထိုးသွင်းလေ့ရှိသူများတွင် အပ်နှင့်ဆေးထိုးပြွန်များအား တစ်ဦးနှင့် တစ်ဦးဝေမျှ အသုံးပြုခြင်း၊ တစ်ခါသုံးဆေးထိုးပြွန်အား အသုံးမပြုခြင်း

အကျဉ်းကျနေသူများ၊ မူးယစ်ဆေးဝါးအသုံးပြုလေ့ရှိသူများ၊ လုပ်ငန်းခွင်တွင် သွေး(သို့) သွေးနှင့်ဆက်စပ်ပစ္စည်းများနှင့် ထိတွေ့မှုများရှိသော ကျန်းမာရေးဝန်ထမ်းများ၊ အသည်းရောင်အသားဝါရောဂါ (ဘီ) အဖြစ်များသော နိုင်ငံများသို့ ခရီးသွားလေ့ရှိသူများတွင် ပိုမို ဖြစ်ပွားနိုင်ပါသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

  • အသည်းရောင် အသားဝါရောဂါ (ဘီ) ပိုး ကူးစက်ခြင်းမခံရအောင် ကြိုတင်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
  • ကလေးမွေးဖွားပြီး (၂၄)နာရီအတွင်း မွေးကင်းစကလေးအား အသည်းရောင်အသားဝါရောဂါ (ဘီ) ကာကွယ်ဆေး ထိုးနှံသင့်ပါသည်။
  • လူတိုင်း အသည်းရောင်အသားဝါ ကာကွယ်ဆေး (၃)ကြိမ် ထိုးနှံခြင်းဖြင့် ရောဂါပိုးကူးစက်ခံရမှုမှ ကာကွယ်နိုင်ပါသည်။
  • သွေးမလှူမီ သွေးလှူရှင်အား အိပ်ခ်ျအိုင်ဗွီ၊ ဆစ်ဖလစ်၊ အသည်းရောင်အသားဝါရောဂါ (ဘီ) နှင့် (စီ) ရှိ / မရှိ စစ်ဆေးခြင်းများ ပြုလုပ်ရပါမည်။