ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၁) သဘာဝဘေးအန္တရ...
  5. ၁၁.၄ ခရမ်းလွန်ရောင်ခြည်အန္တရာယ်

၁၁.၄ ခရမ်းလွန်ရောင်ခြည်အန္တရာယ်

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်မားစွာရှိနေသည့် အချိန်များတွင် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ပိုမိုကျရောက်နိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည် လတ်တလောထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုမဲလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်းစသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။

ကာကွယ်နိုင်မည့်နည်းလမ်းများ

၁။ ခရမ်းလွန်ရောင်ခြည်မြင့်မားစွာ ကျရောက်နိုင်သည့် နံနက်(၁၀) နာရီမှ ညနေ (၄)နာရီခန့် အတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

၂။ အပြင်ထွက်ရန် လိုအပ်ပါက မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် မျက်နှာ၊ လည်ပင်းနှင့် ပခုံးတို့ပါ လုံခြုံသော ထီး၊ ဦးထုပ် စသည်တို့ကို ဆောင်းသွားပါ။

၃။ အဝတ်လွတ်ကင်းနေသောလက်၊ လည်ပင်းနှင့် ပခုံးစသည့်နေရာများကို သနပ်ခါးထူထူ (သို့) SPF ၁၅+ ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ (၁၅) မိနစ်ခန့် ကြိုလိမ်းပါ။ နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီး (၂) နာရီကြာပြီးတိုင်း တစ်ခါထပ်၍ လိမ်းပေးပါ။

၄။ ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို (၉၉%) အထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်သင့်ပါသည်။

၅။ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သားထူထူပွပွ အဝတ်အထည်များကို ဝတ်ဆင်ပါ။

၆။ ဆီးချိုရောဂါ၊ နှလုံးရောဂါရှိသူများ၊ အရက်အလွန်အကျွံသောက်သုံးသူများ၊ ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများသည် ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြု ဆင်ခြင်ရန် လိုအပ်ပါသည်။

၇။ ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်အန္တရာယ်၏ဆိုးကျိုးများကို ပိုမိုထိခိုက် ခံစားရနိုင်သဖြင့် လူကြီးမိဘများအနေနှင့်

  • အသက်တစ်နှစ်အောက် ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်း မပြုပါနှင့်။
  • ကလေးများကို အရိပ်ထဲတွင်သာ ကစားစေပါ။
  • ကလေးငယ်များအနေဖြင့် အပြင်ထွက်ရန်လိုအပ်ပါက အထက်ဖော်ပြပါအတိုင်းကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ပေးပါ။