ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၇) ကူးစက်နိုင်သေ...
  5. ၇.၃ အေအိုင်ဒီအက်စ်ရောဂါ (ခုခံအားကျဆင်းမှုကူးစက်ရောဂါ)

၇.၃ အေအိုင်ဒီအက်စ်ရောဂါ (ခုခံအားကျဆင်းမှုကူးစက်ရောဂါ)

လူခန္ဓာကိုယ်၏ ခုခံအားကျဆင်းစေသော ဗိုင်းရပ်စ်ပိုးကို အိပ်(ချ်) အိုင်ဗွီပိုးဟုခေါ်သည်။ လူ၏ကိုယ်ခံအားစနစ်ကို အိပ်ခ်ျအိုင်ဗွီပိုးက ဖျက်ဆီးပစ်သဖြင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာပေါင်းစုကို အေအိုင်ဒီအက်စ်ရောဂါ (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဟုခေါ်သည်။

အေအိုင်ဒီအက်စ်ရောဂါ၏ အဓိကလက္ခဏာများ

  • အကြောင်းအရင်းမသိ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း
  • အကြောင်းအရင်းမသိ ကြာရှည်ဖျားခြင်း (အဖျားဆက်တိုက် (သို့မဟုတ်)အတက်အကျရှိခြင်း၊ တစ်လထက်ပိုကြာခြင်း)
  • အကြောင်းအရင်းမသိ တစ်လထက်ပိုကြာအောင် ဝမ်းလျှောခြင်း /ဝမ်းပျက်ခြင်း
  • ပါးစပ်တွင်း မှက္ခရု ကြာရှည်ဖြစ်ခြင်း
  • ဆင်ရေယုန်ပေါက်ခြင်း တို့ဖြစ်ပါသည်။

အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသည်နှင့် ရောဂါလက္ခဏာချက်ချင်းမပြတတ်ပါ။ (၅)နှစ် / (၁၀)နှစ် ကြာမှ လက္ခဏာပြတတ်ပါသည်။ ရောဂါလက္ခဏာ မပြသေးသော်လည်း အခြားသူများသို့ ကူးစက်နိုင်ပါသည်။

ကူးစက်နိုင်သည့် နည်းလမ်းများ

၁။ ပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံရာ (လိင်တူ လိင်ကွဲ) မှတစ်ဆင့် ကူးစက်ခြင်း

၂။ ပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသောဆေးထိုးအပ်၊ ဆေးထိုးကိရိယာများနှင့် မူးယစ်ဆေးထိုးသွင်းခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း

၃။ ပိုးရှိသော သွေးသွင်းမိရာမှ ကူးစက်ခြင်း

၄။ ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း

ပိုးကူးစက်ခံရနိုင်ခြေရှိသူများ

  • လိင်လုပ်သားများနှင့် ၎င်းတို့၏ လိင်ဆက်ဆံဖက်များ
  • အမျိုးသားချင်း လိင်တူဆက်ဆံသူများ
  • မူးယစ်ဆေး သွေးကြောထဲထိုးသွင်းသုံးစွဲသူများ

လိင်တူလိင်ကွဲဆက်ဆံသူများတွင် လိင်အင်္ဂါလမ်းကြောင်း၌ အဖြူဆင်းညောင်းကျခြင်း၊ အနာပေါက်ခြင်းများရှိနေပါက အိပ်(ခ်ျ)အိုင်ဗွီပိုး ကူးစက်ခံနိုင်မှုသည် အဆ (၉)ဆခန့်အထိ ဖြစ်နိုင်ပါသည်။

မကူးစက်နိုင်သော နည်းလမ်းများ

  • ချောင်းဆိုးနှာချေခြင်း၊
  • လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖက်ခြင်း၊
  • သာမန်နမ်းရှုံ့ခြင်း၊
  • ပန်းကန်၊ ခွက်၊ ဇွန်း အတူတူသုံးစွဲခြင်း၊ အတူစားသောက်ခြင်း၊
  • တယ်လီဖုန်း၊ အိမ်သာ၊ တံခါးလက်ကိုင်၊ ထိုင်ခုံ စသဖြင့် အသုံးဆောင်ပစ္စည်းတို့ကို အတူတူ ကိုင်တွယ်သုံးစွဲခြင်း၊
  • တစ်ခန်းတည်းအတူနေခြင်း၊ အတူတူအလုပ်လုပ်ခြင်း
  • ခြင်ကဲ့သို့သော ပိုးမွှားများ ကိုက်ခံရခြင်းတို့ကြောင့် မကူးစက်နိုင်ပါ။

သာမန်ထိတွေ့ဆက်ဆံမှုများမှ မကူးစက်နိုင်ပါ။

ကာကွယ်နိုင်မည့် နည်းလမ်းများ

  • ကူးစက်မည့်အန္တရာယ်ရှိနိုင်သောအပြုအမူများကိုရှောင်ကြဉ်ရန် အလွန်အရေးကြီးပါသည်။
  • လိင်ကိစ္စ အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဉ်ရန်
  • မူးယစ်ဆေးဝါးရှောင်ကြဉ်ရန်
  • တစ်ခါသုံးဆေးထိုးအပ်၊ ဆေးထိုးပြွန်များသုံးစွဲခြင်း၊ လုံခြုံစိတ်ချရသော သွေးသွင်းခြင်း
  • လိင်ဆက်ဆံရာတွင် အကာအကွယ်ပစ္စည်း(ကွန်ဒုံး) စနစ်တကျသုံးစွဲရန်

သွေးစစ်ဆေးခြင်း

  • အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်း ရှိ/မရှိ သိရှိလိုပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်းရှိ / မရှိ သွေးစစ်ဆေးခြင်းဖြင့် သိရှိ နိုင်ပါသည်။
  • အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်းရှိ /မရှိ သွေးစစ်ဆေးမည်ဆိုပါက မိမိဆန္ဒအလျောက် နှစ်သိမ့်ဆွေးနွေးမှုခံယူပြီးမှ နီးစပ်ရာဆေးရုံ ဆေးခန်းများ နှင့် ကျန်းမာရေးဌာနများတွင် ပြုလုပ်သင့်ပါသည်။
  • သွေးစစ်ဆေးသည့်အဖြေတွင် ပဋိပစ္စည်းမတွေ့ဟုဆိုလျှင် ပြီးခဲ့သော (၆)ပတ်အတွင်း အိပ်ချအိုင်ဗွီကူးစက်နိုင်သော အခြေအနေ တစ်ရပ် ရပ်နှင့် ထိတွေ့မှုရှိခဲ့သောသူသည် နောက်ထပ်(၄)ပတ်မှ (၆)ပတ်အတွင်း ပြန်လည်စစ်ဆေးရန်၊ ဦးတည်အုပ်စုဝင်များနှင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်နိုင်မှု အခြေအနေနှင့် ဆက်လက်၍ ထိတွေ့နေသောသူ (မိမိ၏ လိင်ဆက်ဆံဖက်တွင် အိပ်ခ်ျအိုင်ဗွီရှိသူ) များတွင် (၆)လ တစ်ကြိမ် စစ်ဆေးရန် ဖြစ်ပါသည်။
  • အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်း ရှိ/မရှိကို ကိုယ်ဝန်ဆောင်မိခင်နှင့် ခင်ပွန်းတို့သည် နီးစပ်ရာ ဆေးရုံ ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် သွေးစစ်ဆေးသင့်ပါသည်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်တွင် အိပ်ခ်ျအိုင်ဗွီပိုးရှိပါက မိခင်မှကလေးသို့ ကူးစက်မှုကို ကာကွယ်ခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လျင်မြန်စွာရရှိနိုင်မည်။
  • အိပ်ခ်ျအိုင်ဗွီပိုးရှိသူ မိခင်မှမွေးဖွားလာသည့် ကလေးငယ်များကို အသက်(၄)ပတ်မှ (၆)ပတ်အတွင်း ဗိုင်းရပ်(စ်)ပိုးကို စစ်ဆေးခြင်း နည်းဖြင့် အိပ်ခ်ျအိုင်ဗွီပိုးရှိ/မရှိ စစ်ဆေးနိုင်ပါသည်။ ဗိုင်းရပ်(စ်)ပိုးစစ်ဆေးခြင်းနည်းဖြင့် အိပ်ခ်ျအိုင်ဗွီပိုးမရှိဟု အဖြေထွက်သော ကလေးများကို အသက်(၉)လနှင့် (၁၈)လတို့တွင် အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်း ရှိ/မရှိ စစ်ဆေးရန် (သို့မဟုတ်) မိခင်နို့ဖြတ်ပြီး (၃)လ အကြာတွင် ပြန်လည်စစ်ဆေးရန် လိုအပ်ပါသည်။

ဆေးကုသမှုခံယူခြင်း

  • စနစ်တကျဆေးကုသမှု ခံယူ၍ သက်တမ်းစေ့နေနိုင်ပါသည်။
  • အိပ်ခ်ျအိုင်ဗွီပိုးရှိသူများသည် ဘဝတစ်သက်တာသောက်သုံးရမည့် အေအာတီဆေးဖြင့် ဆေးကုသမှု ခံယူနိုင်ပါသည်။
  • အေအာတီဆေးဝါး သောက်သုံးနေသူများသည် ဆေးကိုမပျက်မကွက် နေ့စဉ်အချိန်မှန် ညွှန်ကြားထားသည့်အတိုင်း သောက်သုံးရမည်။
  • အိပ်ခ်ျအိုင်ဗွီပိုးရှိသူများတွင် လတ်တလော ချောင်းဆိုးခြင်း၊ ညဘက်ချွေးပြန်ခြင်း (သို့မဟုတ်) ပြန်ရည်ကြိတ်များ ကြီးလာခြင်း စသော တီဘီလက္ခဏာများ မရှိပါက Isoniazid Preventive Therapy (IPT) ကို (၆)လတိုက်ကျွေးခြင်းဖြင့် တီဘီရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။
  • အိပ်ခ်ျအိုင်ဗွီပိုးရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် အေအာတီဆေးနှင့် ၎င်းတို့မွေးဖွားလာသော ကလေးများအတွက် အေအာဗွီ ကာကွယ်ဆေးများကို သက်ဆိုင်ရာမြို့နယ်များတွင် ရရှိနိုင်ပါသည်။
  • အိပ်ခ်ျအိုင်ဗွီပိုးတွေ့ ကလေးများအား အေအာတီဆေးရရှိရန် အေအာတီဆေးကုဌာနများသို့ ညွန်းပို့ပေးရပါမည်။
  • အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသော အမျိုးသမီးများသည် သင့်လျော်သော သားဆက်ခြားနည်းလမ်းများကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် ကျန်းမာရေးဝန်ထမ်းများထံမှ လက်လှမ်းမီစွာ ရရှိနိုင်သည်။
  • အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသော မွေးကင်းစကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း ပြုလုပ်သင့်/မသင့်ကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ဆွေးနွေး တိုင်ပင်သင့်ပါသည်။

အေအိုင်ဒီအက်စ်ရောဂါနှင့် ခွဲခြားနှိမ့်ချဆက်ဆံခြင်း

  • ခွဲခြားနှိမ့်ချဆက်ဆံခြင်းသည် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသောသူများကို မှန်ကန်သော ဆေးကုသမှုနှင့် ပြုစုစောင့်ရှောက်မှုများရရှိရန် နှောင့်နှေးစေနိုင်သောကြောင့် ခွဲခြားနှိမ့်ချဆက်ဆံခြင်း မပြုလုပ်သင့်ပါ။