ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၄) ကျောင်းကျန်းမ...
  5. (၂) ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း

(၂) ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း

ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ရာတွင် –

(က) ကျောင်းအဆောက်အအုံနှင့် ကျောင်းပတ်ဝန်းကျင်

(ခ) ကျောင်းစာသင်ခန်း

(ဂ) ရေကောင်းရေသန့် ရရှိရေး

(ဃ) ကျောင်းမုန့်ဈေးတန်း

(င) အမှိုက်သရိုက် သိမ်းဆည်းရေးစနစ်

(စ) မိလ္လာသိမ်းဆည်းခြင်းနှင့် ယင်လုံအိမ်သာတို့ကို ထည့်သွင်းစဉ်းစားရမည်။

(က) ကျောင်းအဆောက်အအုံနှင့် ကျောင်းဝန်း

ကျောင်းအဆောက်အအုံ၏ တည်နေရာသည် အောက်ပါအချက်အလက်များနှင့် ပြည့်စုံသင့်ပါသည်။

(၁) ရေကောင်းရေသန့် လုံလောက်စွာ ရရှိသော(သို့) ရေထွက်ပင်ရင်း ရှိသောနေရာ ဖြစ်သင့်ပါသည်။

(၂) ရေဝပ်သော မြေနိမ့်ပိုင်းများကို ရှောင်၍ ရေစီးရေလာကောင်းသောနေရာ ဖြစ်ရမည်။ မြစ်ချောင်းများနှင့် အနည်းဆုံး မိုင်ဝက်ခန့် ဝေးရမည်။

(၃)ကျောင်းတည်ဆောက်ရာတွင် ဆူညံသံဖြစ်ပေါ်စေသော နေရာများ (ဥပမာ – ဈေး၊ ဘူတာရုံ)၊ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော နေရာများ (ဥပမာ- အလုပ်ရုံ၊ စက်ရုံ)ကို ရှောင်သင့်ပါသည်။

(၄) အုတ်ဖြင့်ဆောက်လျှင် အသင့်တော်ဆုံးဖြစ်ပြီး ကျောင်းအမိုးများအား ရုတ်တရက် မီးမလောင်နိုင်သည့် သွပ်၊ အုတ်ကြွပ်တို့ဖြင့် မိုးသင့်ပါသည်။

(ခ) ကျောင်းစာသင်ခန်း

ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းပတ်ဝန်းကျင်ပြုပြင်ဖန်တီးရာတွင် ကျောင်းစာသင်ခန်း စနစ်တကျထားရှိ သုံးစွဲခြင်းသည် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါသည်။

(၁) ကျောက်သင်ပုန်းနှင့် မြေဖြူအသုံးပြုရာတွင် မြေဖြူမှုန့်များသည် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားစေနိုင်သဖြင့် အခြားသင်ထောက်ကူပစ္စည်းများ (ဥပမာ – whiteboard)

အစားထိုး အသုံးပြုသင့်ပါသည်။

(၂) ကျောင်းသားအရွယ်နှင့် ကိုက်ညီသည့် စာရေးစားပွဲ၊ ကုလားထိုင်များ ထားရှိသင့်ပါသည်။

(၃) စာရေးစားပွဲနှင့် ကုလားထိုင်ကို တွဲဆက်ထားသော ခုံများ မသုံးသင့်ပေ။ အံဆွဲပါသော စာရေးခုံများ အသုံးပြုသင့်ပါသည်။

(၄) ကျောင်းသားများ၏ပစ္စည်းများ (ဥပမာ – ဦးထုပ်၊ ထီး၊ ထမင်းချိုင့်)တို့ကို စနစ်တကျထားရှိနိုင်ရန် သီးသန့်စင်များ ထားရှိ သင့်ပါသည်။

(၅) စာသင်ခန်းများတွင် အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းစွာရရှိရမည်။

(ဂ) ရေကောင်းရေသန့်ရရှိရေး

သောက်ရေသုံးရေအတွက် ရေကောင်းရေသန့်ရရှိရေးသည် လူတို့၏ ကျန်းမာရေးကို တိုက်ရိုက်အကျိုးပြုလျက်ရှိသည်။ သောက်သုံး ရေသည် သိုလှောင်သယ်ဆောင်သည့်အဆင့်မှ ခပ်ယူသောက်သုံးသည်အထိ အဆင့်တိုင်းတွင် ကျန်းမာရေးနှင့် ညီညွတ်သောစနစ်ကို ကျင့်သုံး သင့်သည်။

(၁) သောက်ရေအတွက် ရေသန့်ဘူးများ အသုံးပြုပါက သန့်ရှင်းစင်ကြယ်သော သီးသန့်နေရာတွင်ထားရှိပြီး ရေသန့်ဘူးနှင့် သောက်ရေ ခွက်များကို နေ့စဉ် သန့်စင်ဆေးကြောရန် လိုအပ်သည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိကိုယ်ပိုင်ရေဘူး၊ ရေခွက်များကို အသုံးပြုနိုင်ပါက ပိုမိုကောင်းမွန်မည် ဖြစ်ပါသည်။

(၂) သောက်ရေအိုးများကို အလှည့်ကျ လဲလှယ်ပေးရန် လိုအပ်သည်။

(၃) သုံးရေအတွက် ရေဘုံဘိုင်များ အမြဲမပြတ် ရေရရှိရန်လိုအပ်ပြီး ရေစီးမြောင်း စနစ်တကျထားရှိရန် လိုအပ်သည်။

ရေအရင်းအမြစ်များကို ရေအရည်အသွေး စစ်ဆေးပြီး ညစ်ညမ်းမှုအလိုက် ဒေသနှင့်ဆီလျော်သည့် ရေသန့်စင်ရေးနည်းလမ်းများကို အသုံးပြုနိုင်သည်။

(ဃ) ကျောင်းမုန့်ဈေးတန်း

ကျောင်းမုန့်ဈေးတန်းသည် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော မုန့်ဈေးတန်းဖြစ်ရန် လိုအပ်သည်။

(၁) ဈေးဆိုင်တစ်ခုချင်းစီတွင် အဖုံးပါသော အမှိုက်ပုံးများထားရှိ၍ စနစ်တကျစွန့်ပစ်ရမည်။

(၂) ရောင်းချသော အစားအစာများကို အဖုံးအအုပ်များဖြင့် ထားရှိရမည့်အပြင် ပြင်ဆင်ရာတွင် တစ်ခါသုံးလက်အိတ်များကို အသုံးပြု  သင့်ပါသည်။

(၃) အိုးခွက်၊ ပန်းကန်များကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောအသုံးပြုရမည်။

(၄) ကျောင်းမုန့်ဈေးတန်းများတွင် ရေကောင်းရေသန့် ရရှိအသုံးပြုရန် လိုအပ်ပါသည်။

(င) အမှိုက်သရိုက်သိမ်းဆည်းရေးစနစ်

(၁) ကျောင်းသားလူငယ်များတွင် မိမိအမှိုက်ကို မိမိကိုယ်တိုင် တာဝန်ယူ စွန့်ပစ်သည့် အလေ့အကျင့်ကောင်း ရရှိစွဲမြဲကျင့်သုံးစေရန် လေ့ကျင့်သင်ကြားပေးသင့်သည်။

(၂)နေ့စဉ် အသင်းအလိုက် တာဝန်ကျကျောင်းသားများက စာသင်ခန်းနှင့် စာသင်ခန်းဝန်းကျင် သန့်ရှင်းရေးကို အလှည့်ကျ ဆောင်ရွက်ရမည်။

(၃) စာသင်ခန်းတိုင်းတွင် အဖုံးပါသော အမှိုက်ပုံး၊ အမှိုက်သိမ်းဂေါ်ပြား၊ တံမြက်စည်းများထားရှိပြီး အခန်းသန့်ရှင်းရေးကို အခန်းရှိ ကျောင်းသားများအားလုံးက နေ့စဉ် ကျောင်းမဆင်းမီ ဆောင်ရွက်သင့်သည်။

(၄) အမှိုက်များကို စွန့်ပစ်ရာတွင် ကျင်းတူးမြှုပ်နှံခြင်း၊ မြေနိမ့်ချိုင့်ဝှမ်းများကို မြေဖို့ခြင်း၊ မီးရှို့ခြင်း၊ မြေဆွေးပြုလုပ်၍ သဘာဝမြေသြဇာ ပြုလုပ်ရာတွင် အသုံးပြုခြင်းနှင့် စည်ပင်သာယာရေးအဖွဲ့မှ သိမ်းဆည်းခြင်းနည်းများဖြင့် စွန့်ပစ်နိုင်ပါသည်။

(စ) ယင်လုံအိမ်သာ

(၁)အခြေခံပညာကျောင်းများတွင် ယင်လုံအိမ်သာများကို ကျောင်းသား (၅၀) ဦးလျှင် တစ်လုံးနှုန်း ဆောက်လုပ်ပြီး ကျောင်းသားများ အိမ်သာ အထွက်တွင် ဆပ်ပြာနှင့် စနစ်တကျ လက်ဆေးနိုင်ရန် ရေနှင့် ဆပ်ပြာရှိရမည်။ အိမ်သာခွက်၊ လက်ဆေးရန် စင် အစရှိသည်တို့သည် ကျောင်းသားလူငယ်များ၏ အရပ်အမောင်း၊ အရွယ်နှင့် ကိုက်ညီသင့်သည်။

(၂) ယင်လုံအိမ်သာသည် ရေအရင်းအမြစ်မှ အနည်းဆုံး ပေ(၅၀) အကွာအဝေးတွင် ရှိသင့်ပြီး အနိမ့်ပိုင်းတွင် ဆောက်သင့်သည်။

(၃) ကျား/မ ခွဲခြားထားသင့်ပြီး ကျောင်းသူလေးများ ရာသီလာချိန်၌ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်နိုင်ရန် မိန်းကလေး အိမ်သာများတွင် အဖုံးပါသော အမှိုက်ပုံးငယ်များ ထားရှိသင့်သည်။

(၄) ကျောင်းသားလူငယ်များ အသက်အရွယ်အလိုက် အဆင်ပြေစွာ အသုံးပြုနိုင်ရမည်ဖြစ်ပြီး မသန်စွမ်းကလေးငယ်များအတွက် သီးသန့်အိမ်သာများလည်း ရှိသင့်သည်။(၅) ထို့ပြင် ဆရာ၊ ဆရာမများ၊ ကျောင်းမုန့်ဈေးတန်း ဈေးသည်များနှင့် ဧည့်သည်များအတွက် သီးသန့်အိမ်သာများ ရှိသင့်သည်။