ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၂) တိုးချဲ့ကာကွယ်...
  5. ၁-၈။ ဝက်သက်ရောဂါ

၁-၈။ ဝက်သက်ရောဂါ

ဝက်သက်ရောဂါသည် ဝက်သက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် အလွန်ကူးစက်မြန်သောရောဂါဖြစ်ပြီး နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တစ်ဦးနှင့် တစ်ဦး နီးကပ်စွာထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါသည်။

ရောဂါလက္ခဏာများ
  • ပထမဆုံးသော ရောဂါလက္ခဏာမှာ အပြင်းဖျားခြင်းဖြစ်ပြီး (၁)ရက်မှ (၇)ရက် ကြာမြင့်သည်။ ၎င်းကာလတွင် နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ မျက်မြှေးရောင်ခြင်းနှင့် ပါးစောင်တွင် သေးငယ်သော အဖြူစက်ပေါ်ခြင်းများ ဖြစ်ပွားသည်။
  • ရောဂါပိုးဝင်ရောက်ပြီး နောက်(၇)ရက်မှ (၁၈)ရက်အတွင်းတွင် အနီအဖုအပိန့်များ မျက်နှာနှင့် လည်ပင်းမှစတင် ပေါ်လာပြီးနောက် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ (၅)ရက်မှ (၆)ရက်ကြာမြင့်ပြီးနောက် အရောင်ဖျော့ပြီး ပျောက်သွားသည်။
  • နောက်ဆက်တွဲ ဆိုးကျိုးများမှာ အဆုတ်ရောင်ခြင်း၊ ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်ပြီး အရည်ခမ်းခြောက်ခြင်း၊ နားအလယ်ခန်း ရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်း တို့ဖြစ်သည်။
  • ဝက်သက်ရောဂါနှင့် အဆုတ်ရောင်ရောဂါယှဉ်တွဲဖြစ်ပွားခြင်းသည် ကလေးများသေဆုံးမှု မြင့်မားစေသော အကြောင်းတစ်ခုဖြစ်သည်။
  • ဗီတာအေ ဖြည့်စွက်တိုက်ကျွေးခြင်း အပါအဝင်ထိရောက်စွာ ပြုစုကုသမှုပေးခြင်းဖြင့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချနိုင်ပါသည်။

ဝက်သက်ရောဂါဖြစ်ပွားမှုကို ဝက်သက်ကာကွယ်ဆေး ပါဝင်သော ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

– ဝက်သက်ကာကွယ်ဆေး ပထမအကြိမ်ကို ကလေးအသက်(၉)လ မှ (၁၂)လအရွယ်တွင် ထိုးနှံပေးရမည်။

– ဒုတိယအကြိမ်ကို ကလေးအသက် (၁၈)လမှ (၂)နှစ်အတွင်း ထိုးနှံပေးသင့်ပါသည်။

ဝက်သက်ပါဝင်သောကာကွယ်ဆေးကို ကလေးငယ်၏ ဘက်ဘက်လက်မောင်းအပေါ်ပိုင်း၊ အရေပြားအောက်သို့ ထိုးနှံပေးပါသည်။