ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၂) တိုးချဲ့ကာကွယ်...
  5. ၁-၇။ Hib ပြင်းထန်အဆုတ်ရောင်ရောဂါ နှင့် ဦးနှောက်အမြှေးရောင်ရောဂါ

၁-၇။ Hib ပြင်းထန်အဆုတ်ရောင်ရောဂါ နှင့် ဦးနှောက်အမြှေးရောင်ရောဂါ

Hib ဘက်တီးရီးယားပိုးသည် (၅)နှစ်အောက်ကလေးများ အထူးသဖြင့် အသက်(၂)နှစ်အောက်ကလေးများတွင် ဖြစ်ပွားသော ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါများကို ကူးစက်ဖြစ်ပွားစေပါသည်။ Hib ရောဂါပိုး သယ်ဆောင်ထားပြီး ရောဂါလက္ခဏာ မပြဘဲ ကျန်းမာနေသည့်ကလေးများနှင့် ရောဂါလက္ခဏာခံစားနေရသော ကလေးများမှတဆင့် ရောဂါကူးစက် ပြန့်ပွားစေပါသည်။

ရောဂါရှိသူက ချောင်းဆိုး၊ နှာချေသောအခါ ထွက်လာသော ရောဂါပိုးပါဝင်သည့် အမှုန်အမွှားများ အသက်ရှူလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းမှတဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပြန့်ပွားသည်။

အဆုတ်ရောင်ရောဂါဖြစ်ပွားသော ကလေးသည် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမြန်ခြင်းနှင့် ရင်ဘတ်ချိုင့်ဝင်ခြင်းများ ဖြစ်တတ်သည်။

ဦးနှောက်အမြှေးရောင်ရောဂါဖြစ်သော ကလေးများသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းရောင်မကြည့်နိုင်ခြင်း၊ ဇက်တောင့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် သတိလစ်ခြင်းများဖြစ်တတ်သည်။ ထိရောက်စွာ ကုသမှုမပြုပါက သေဆုံးနိုင်ပါသည်။

ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပွားပြီးနောက် အသက်ရှင်ကျန်ရစ်သော ကလေး ၄ဝ% ခန့်ထိ ဦးနှောက်ပျက်စီးခြင်း အပါအဝင် အမြဲတမ်း ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ မသန်စွမ်းမှုများဖြစ်ခြင်း၊ ဉာဏ်ရည်မမီခြင်း၊ နားပင်းခြင်းများ ဖြစ်ပွားတတ်ပါသည်။ Hib ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ Hib ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent Vaccine) ဖြင့် ကာကွယ်နိုင်ပါသည်။ Hib ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေးကို ကလေးအသက်(၂)လ၊ (၄)လ၊ (၆)လ အရွယ်တွင် ဘယ်ဘက်ပေါင် အလယ်ပိုင်း အရှေ့ဘက် ကြွက်သားထဲသို့ (၃)ကြိမ် ထိုးနှံပေးပါသည်။

Tags