ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၁) သဘာဝဘေးအန္တရ...
  5. ၁၁.၂ ဘေးအန္တရာယ်များနှင့် ကျန်းမာရေးပြဿနာများ

၁၁.၂ ဘေးအန္တရာယ်များနှင့် ကျန်းမာရေးပြဿနာများ

လူအများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းမှာ ဘေးအန္တရာယ်များကြောင့် တိုက်ရိုက်ခံစားရနိုင်သော ကျန်းမာရေးပြဿနာများ ဖြစ်ပါသည်။

ထို့အပြင် ကျန်းမာရေးအဆောက်အဦးများ ပျက်စီးသွားခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ကိုယ်တိုင်ဘေးအန္တရာယ်ဒဏ် ခံစားရနိုင်ခြင်း စသည်တို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းသွားနိုင်ပါသည်။

ထို့ပြင် ကာလကြာရှည်သော ဘေးအန္တရာယ်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်ရန် ခက်ခဲသော အခြေအနေ များနှင့် ယာယီကယ်ဆယ်ရေးစခန်း၌ လူအများ ခိုလှုံနေရသော အခြေအနေများ၌ အောက်ဖော်ပြပါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။

  • သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ အစရှိသည့် နာတာရှည်ရောဂါ ခံစားနေရသူများ ဆေးပြတ်လပ်ခြင်း၊ ဆေးကုသမှု မရရှိနိုင်ခြင်း တို့ကြောင့် ရောဂါများ ပိုမိုဆိုးရွားလာခြင်း
  • ကူးစက်ရောဂါများ (ဥပမာ-ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အစာအဆိပ်သင့်ရောဂါ၊ တီဘီရောဂါ၊ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများ၊ ဝက်သက်ရောဂါ၊ အရေပြားယားနာရောဂါများ၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ စသည်များ) ပိုမိုကူးစက်ဖြစ်ပွားနိုင်ခြင်းနှင့် ကပ်အသွင်ဖြစ်ပွားနိုင်ခြင်း
  • စိတ်ကျရောဂါကဲ့သို့သော စိတ်ကျန်းမာရေးပြဿနာများ ခံစားရနိုင်ခြင်း
  • ပုံမှန် သုံးစွဲနေကျ ပဋိသန္ဓေတားဆေး ထိုးနှံ /သောက်သုံးခြင်းများ ပြတ်လပ်သွား၍ မလိုလားဘဲ ကိုယ်ဝန်ရရှိနိုင်ခြင်း၊ လုံခြုံမှု မရှိ၍ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများနှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုဖြစ်ပွားနိုင်ခြင်း

ဘေးအန္တရာယ်အခြေအနေများ၌ ပြည်သူများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်မှာ အရေးကြီးသကဲ့သို့ ကျန်းမာရေး ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးမှာလည်း ပိုမိုအရေးကြီးသဖြင့် ဘေးကင်းလုံခြုံရေး ဂရုပြုရမည်ဖြစ်ပါသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဦးစားပေး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ

၁။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးလေဝသသတင်းများနှင့် သတိပေးချက်များ၊ ကျန်းမာရေးဌာန အဆင့်ဆင့်မှ ထုတ်ပြန်သည့် သတိပေးချက်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်

၂။ ဘေးအန္တရာယ်ဖြစ်စဉ်များတွင် ရပ်ကွက် /ကျေးရွာအတွင်းနှင့် ယာယီကယ်ဆယ်ရေး စခန်းများ၌ ယာယီဆေးခန်းများ၊ ရွေ့လျားဆေးခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်

၃။ ကူးစက်ရောဂါနှင့် အခြားကျန်းမာရေးပြဿနာ ဖြစ်ပွားမှုများအား စောင့်ကြပ်ကြည့်ရှု၍ အထက်အဆင့်ဆင့်သို့ အချိန်နှင့် တစ်ပြေးညီ သတင်းပို့ရန်

၄။ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံနေသည့် မိမိဒေသမှ ကလေးငယ်များရောက်ရှိ နေနိုင်သည့်နေရာများအား စုံစမ်း၍ ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းအပါအဝင် မိမိရပ်ကွက် /ကျေးရွာအတွင်း ကာကွယ် ဆေးထိုးလုပ်ငန်းများအား ဆောင်ရွက်ရန်

၅။ တီဘီရောဂါကုဆေး သောက်သုံးနေသူများနှင့် အေအာတီ(ART) ဆေးဝါးသောက်သုံးနေသူများ ရောက်ရှိနေသည့် နေရာများအား စုံစမ်း၍ ဆေးဝါးပြတ်လပ်မှု မရှိစေရေးစီစဉ်ဆောင်ရွက်ရန်

၆။ ရေကောင်းရေသန့်ရရှိရေး၊ ယင်လုံအိမ်သာသုံးစွဲရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ခြင်နှင့် ခြင်လောက်လန်းနှိမ်နင်းရေးစသည့် ပြည်သူ့ ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား ဒေသခံအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်

၇။ ကျန်းမာရေးကဏ္ဍ ထိခိုက်ပျက်စီးမှုစာရင်းများကို ကနဦးသတင်း၊ နောက်ဆက်တွဲသတင်းနှင့် အပြီးသတ်သတင်းများဖြင့် အချိန်နှင့် တစ်ပြေးညီအဆင့်ဆင့် တင်ပြရန်

၈။ ဘေးအန္တရာယ်ကျရောက်သော ဒေသများရှိ ပြည်သူများအားအောက်ဖော်ပြပါ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး သတိပေးနှိုးဆော်ချက် အတိုင်း ကျန်းမာရေး အသိပညာများ ဖြန့်ဝေပေးရန်

ဘေးအန္တရာယ်ကျရောက်သော ဒေသများရှိ ပြည်သူများအတွက် ကျန်းမာရေးသတိပေးနှိုးဆော်ချက်

၁။ မိုးလေဝသသတင်းများ၊ ဘေးအန္တရာယ်သတိပေးချက်များနှင့် ကျန်းမာရေးသတိပေး နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ပါ။

၂။ ဘေးအန္တရာယ် မကျရောက်မီအချိန်ကတည်းက အစားအစာ၊ သောက်သုံးရန်နှင့် ပုံမှန်သောက် သုံးနေဖြစ်သည့်ဆေးဝါးများ၊ ပဋိသန္ဓေ တားဆေးများ စသည်တို့အား အသင့်ကြိုတင် စုဆောင်းထားရှိပါ။ ဆေးဝါးပြတ်လပ်မှုရှိပါက ကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ ဆေးကုသမှုခံယူပါ။

၃။ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း မိုးဒဏ်၊ လေဒဏ်ခံနိုင်သော အဆောက်အဦးတွင် နေထိုင်ပါ။

၄။ ရာသီဥတုနှင့် လျော်ညီပြီး၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဝတ်စားဆင်ယင်ပါ။

၅။ ရေမျောစာများ၊ အမှည့်လွန်အစာများ၊ ယင်နားစာများ မစားပါနှင့်။ အစားအစာများ ယင်မနားစေရန် ဖုံးအုပ်ထားပါ။

၆။ ရေသန့်ဆေးထုတ် / ကလိုရင်းဆေး ခပ်ထားသောရေ (သို့မဟုတ်) ကျိုချက်ထားသော ရေကိုသာသောက်သုံးပါ။

၇။ ယင်လုံအိမ်သာကို စနစ်တကျသုံးစွဲပါ။

၈။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပါ။ အစားမစားမီ၊ အစားအစာချက်ပြုတ်ပြင်ဆင်ခြင်း မပြုမီ၊ အိမ်သာ သွားပြီးတိုင်းနှင့် အညစ်အကြေး ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပါ။

၉။ အမှိုက်များကို မြေမြှုပ်ခြင်း၊ မီးရှို့ခြင်း၊ အမှိုက်ပုံကို ထုံးဖြူးခြင်း စသည်ဖြင့် အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ပါ။

၁၀။ ခြင်ကိုက် မခံရအောင် ဂရုပြုနေထိုင်ပါ။ မည်သည့်အချိန်တွင်မဆို ခြင်ထောင်ဖြင့်သာ အိပ်စက်ပါ။ ပိုးလောက်လန်း၊ ခြင်နှိမ်နှင်းရေးလုပ်ငန်းများ (ဖုံး၊ သွန်၊ လဲ၊ စစ်)တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပါ။

၁၁။ မြွေဆိုးအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရရှိမှု အန္တရာယ်များအား ဂရုပြုပါ။

၁၂။ ဘေးအန္တရာယ် ကျရောက်ရာဒေသများ၌ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ပါ။

၁၃။ ဘေးအန္တရာယ်ကျရောက်ပြီးနောက် အဆုတ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မြွေဆိုးအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှုစသည့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ပြီး အကယ်၍ဖြစ်ပွားပါက နီးစပ်ရာဆေးရုံ / ကျန်းမာရေးဌာန နှင့် ကျန်းမာရေးဝန်ထမ်းထံတွင် ပြသပါ။