ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၇) ကူးစက်နိုင်သေ...
  5. ၇.၁၉ အသည်းရောင်အသားဝါ (စီ)

၇.၁၉ အသည်းရောင်အသားဝါ (စီ)

အသည်းရောင်အသားဝါ ရောဂါ (စီ) ပိုးကြောင့် ဖြစ်ပွားသော ရောဂါတစ်ခုဖြစ်သည်။ သာမန်ရောဂါလက္ခဏာများအား ရက်သတ္တပတ်အနည်းငယ်ခန့် ခံစားရနိုင်ခြင်းမှ နှစ်ပေါင်းများစွာ နာတာရှည်ရောဂါအဖြစ် ခံစားရနိုင်ခြင်းအထိ ဖြစ်ပွားနိုင်ပါသည်။ အသည်းခြောက်ပြီး အသည်းကင်ဆာဖြစ်နိုင်သည်။ ကျန်းမာရေးဌာနသို့ ဆေးဝါးကုသမှုပေးနေပြီဖြစ်ပါသည်။

ရောဂါလက္ခဏာများ

  • ဖျားခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း
  • အသားဝါ၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း

ကူးစက်နိုင်သည့် နည်းလမ်းများ

  • အသည်းရောင်အသားဝါရောဂါ (စီ) ပိုးပါသော သွေးသွင်းမိခြင်း
  • ရောဂါပိုးပါသော အပ်များဖြင့် ဆေးထိုးခြင်း၊ သွေးဖောက်ခြင်း၊ နားဖောက်ခြင်း၊ အပ်စိုက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း
  • ရောဂါပိုးရှိသော ဓားတစ်ချောင်းတည်းဖြင့် ဆက်တိုက် ခေါင်းရိတ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်း
  • ရောဂါပိုးရှိသောသူနှင့် သွားတိုက်တံ၊ သွားကြားထိုးတံ၊ မုတ်ဆိတ်ရိတ်ဓား အတူတူသုံးခြင်း
  • ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်းမှသော်လည်းကောင်း၊ ရောဂါပိုးရှိသော မိခင်မှ မွေးဖွားလာသော ကလေးသို့လည်းကောင်း ကူးစက်တတ်ပါသည်။
  • ရောဂါပိုးပါဝင်သော ကိုယ်ခန္ဓာအစိတ်အပိုင်းများ အစားထိုးကုသခြင်း

ခုခံအား ကျဆင်းမှု ကူးစက်ရောဂါရှိသူများ၊ ဆေးမင်ကြောင်ထိုးလေ့ရှိသူများ၊ နားဖောက်လေ့ရှိသူများ၊ အကျဉ်းသားများ၊ ကျန်းမာရေးဝန်ထမ်းများတွင် ကူးစက်ခံရနိုင်ချေ ပိုမိုများပြားပါသည်။ မိခင်နို့ရည်မှသော်လည်းကောင်း၊ အစားအစာ၊ ရေ၊ သာမန်ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်းစသည်တို့မှ မကူးစက်တတ်ပါ။

ကာကွယ်နိုင်မည့် နည်းလမ်းများ

  • မလိုအပ်ဘဲ ဆေးထိုးခံခြင်းမှ ရှောင်ကြဉ်ပါ။
  • တစ်ခါသုံးဆေးထိုးအပ်များကိုသာ အသုံးပြုပါ။
  • လက်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ပါ။
  • သွေးမလှူမီ သွေးလှူရှင်အား အိပ်ခ်ျအိုင်ဗွီ၊ ဆစ်ဖလစ်၊ အသည်းရောင်အသားဝါရောဂါ (ဘီ) နှင့် (စီ) ရှိမရှိ စစ်ဆေးခြင်းများ ပြုလုပ်ရပါမည်။
  • လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို စနစ်တကျ အသုံးပြုပါ။
  • သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓါးများကို မျှတသုံးစွဲခြင်း မပြုလုပ်ရပါ။

ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါရောဂါ (စီ) ပိုးကာကွယ်ဆေး မရှိသေးပါ။