ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၂) တိုးချဲ့ကာကွယ်...
  5. ၁-၁၀။ ပြင်းထန်အဆုတ်ရောင်ရောဂါ

၁-၁၀။ ပြင်းထန်အဆုတ်ရောင်ရောဂါ

ပြင်းထန်အဆုတ်ရောင်ရောဂါသည် နျူမိုကော့ကပ်စ် ဘက်တီးရီးယားပိုး ကူးစက်ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငါးနှစ်အောက်ကလေး သေဆုံးမှု၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါသည်။ အဆိုပါ ဘက်တီးရီးယားပိုး ဝင်ရောက်မှုကြောင့် ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားမှု များပြားပါသည်။

ကျန်းမာလျက် ရောဂါပိုးသယ်ဆောင်သူများနှင့် လူနာများမှတဆင့် ရောဂါပိုး ကူးစက်ပျံ့နှံ့စေပါသည်။

ရောဂါလက္ခဏာများ

ပြင်းထန်အဆုတ်ရောင်ရောဂါ

  • ဖျားခြင်း၊ ချမ်းတုန်ခြင်း
  • ကလေးများတွင် ချောင်းဆိုးခြင်း၊ အသက်ရှူမြန်ခြင်း၊ ရင်ဘတ်အောက်ပိုင်း ချိုင့်ဝင်ခြင်း
  • လူကြီးများတွင် မောခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ချောင်းဆိုးလျှင် နာခြင်းများ ခံစားရခြင်း

ဦးနှောက်အမြှေးရောင်ရောဂါ

  • ခေါင်းကိုက်ခြင်း၊ အလင်းရောင်မခံနိုင်ခြင်း၊ ဇက်တောင့်ခြင်း၊ တက်ခြင်းနှင့် တစ်ခါတစ်ရံ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်းများဖြစ် တတ်သည်။

ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး (PCV) ထိုးနှံပေးခြင်းဖြင့် ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကြောင့်ဖြစ်သော အဆုတ် ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါကို ကာကွယ်နိုင်ပါသည်။

ကလေးအသက် (၂)လ၊ (၄)လနှင့် (၆)လအရွယ်တွင် ပြင်းထန်အဆုတ်ရောင် ရောဂါပိုးကာကွယ်ဆေးကို ကလေး၏ညာဘက်ပေါင် အလယ်ပိုင်းအရှေ့ဘက် ကြွက်သားထဲသို့ (၃)ကြိမ် ထိုးနှံပေးပါသည်။

ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေးသည် နျူမိုကောကပ်စ် ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော ရောဂါများကိုသာ ကာကွယ်ပေးပြီး အခြားဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော အလားတူရောဂါများကို မကာကွယ်နိုင်ပါ။