ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၂) တိုးချဲ့ကာကွယ်...
  5. ၁-၆။ ပိုလီယို အကြောသေရောဂါ

၁-၆။ ပိုလီယို အကြောသေရောဂါ

ပိုလီယိုအကြောသေရောဂါသည် အလွန်ကူးစက်မြန်သောရောဂါဖြစ်ပြီး၊ ပိုလီယိုဗိုင်းရပ်စ် အရိုင်းပိုးအမျိုးအစား(၁)၊ (၂)နှင့် (၃) တို့ကြောင့် ဖြစ်ပွားသည်။ ပိုလီယိုအကြောသေရောဂါပိုး ကူးစက်ခံနေရသူ အများစုသည် အကြောသေခြင်း မရှိကြပါ။ သို့သော် အခြားသူအား ကူးစက်စေနိုင်ပါသည်။

ရောဂါပိုးကူးစက်ခံရသူ၏ မစင်ဖြင့် ထိတွေ့သောအစားအစာများနှင့် ရေများကို စားသောက်မိခြင်းမှတဆင့် ကူးစက်ပြန့်ပွားနိုင်ပါသည်။

ပိုလီယိုအကြောသေရောဂါ၏ လက္ခဏာများမှာ

ရောဂါပိုးကူးစက်ခံရသူ ၂၅% သည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းစသော သာမန်ဝေဒနာများ ဖြစ်ပွားခံစားတတ်ပါသည်။

ပိုလီယိုအကြောသေရောဂါပိုး ကူးစက်ခံရသူ ၁%သည်သာ အကြောသေရောဂါ ဖြစ်ပွားပါသည်။ ခြေတစ်ဘက်၊ လက်တစ်ဘက်မျှသာ တဖြည်းဖြည်း အကြောသေရာမှ (၁၀)ရက်အတွင်း သိသိသာသာ ခြေ၊ လက်နှင့် အသက်ရှူကြွက်သားတို့ ထိခိုက်သေဆုံးနိုင်ပါသည်။ ကလေးသည် တစ်သက်လုံး မသန်စွမ်းသောဘဝသို့ ရောက်ရှိနိုင်ပါသည်။

အကြောသေရောဂါဖြစ်ပွားသူ (၅%) မှ (၁၀%) သေဆုံးနိုင်ပါသည်။

ပိုလီယိုအကြောသေရောဂါဖြစ်ပွားမှုကို ပိုလီယိုအစက်ချကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေးထိုးဆေးများ ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

ပိုလီယိုအစက်ချကာကွယ်ဆေးကို ကလေးအသက် (၂)လ၊ (၄)လ၊ (၆)လ အရွယ်များတွင်တိုက်ကျွေးပြီး ပိုလီယိုကာကွယ်ဆေး ထိုးဆေးကို ကလေးအသက်(၄) လအရွယ်တွင် ပိုလီယိုအစက်ချကာကွယ်ဆေးနှင့်အတူ ကြွက်သားထဲသို့ တစ်ကြိမ် ထိုးနှံပေးပါသည်။

Tags ,