ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၃) အာဟာရဖွံ့ဖြို...
  5. မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း

မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း

မိခင်နို့ရည်၏ အာဟာရ

မိခင်နို့သည် ကလေးငယ် ကျန်းမာစွာကြီးထွားပြီး ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအာဟာရ ဖြစ်ပါသည်။ မွေးဖွားပြီး ပထမ(၆)လအတွင်း ကလေးငယ် လိုအပ်သော တစ်ခုတည်းသောအာဟာရဖြစ်ပါသည်။ ကလေးငယ်အတွက် အစာကြေလွယ်ပြီး ကလေးငယ်ကို အာဟာရဓာတ်များ လျင်မြန်စွာပေးနိုင်ပါသည်။

  • အာဟာရကြွယ်ဝပြီး ရောဂါကာကွယ်ပေးသည့်ဓာတ်များ ပါဝင်သော နို့ဦးရည်ကို တိုက်ဖြစ်အောင်တိုက်ပါ။
  • မွေးဖွားပြီး (၁)နာရီအတွင်း စောနိုင်သမျှ စောစောတိုက်ပါ။
  • ကလေးငယ်ကို မွေးဖွားပြီး အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ပါ။
  • မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဆိုသည်မှာ မိခင်နို့မှလွဲ၍ ရေ၊ အခြားအရည်များ (သို့) အစားအစာများကို ပထမ(၆)လအတွင်း မကျွေးခြင်းကိုဆိုလိုပါသည်။
  • မိခင်နို့တွင် ရေဓာတ်အများအပြား ပါဝင်ပါသည်။ ကလေးငယ် နို့ဆာသည့်အခါတိုင်း တိုက်ပါ။ နို့စို့လိုသည့်အခါတိုင်း နို့စို့ခွင့်ရရှိပါက ပူပြင်းခြောက်သွေ့သော ရာသီဥတုများမှာပင် ရေထပ်မံတိုက်ကျွေးရန် မလိုပါ။
  • မိခင်နို့ကို ခဏခဏတိုက်ပါ။ အချိန်ကြာကြာ တိုက်ပါ။ ကလေးဆာတိုင်း တိုက်ပါ။
  • မိခင်နို့တွင် အဆီဓာတ်၊ သကြားဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ အလုံအလောက်ပါဝင်သည်။ အစာကြေလွယ်သည်။

မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများ

  • နို့ဦးရည်နှင့် မိခင်နို့သည် ကလေးငယ် ရောဂါမဖြစ်ပွားစေရန်အတွက် မိခင်မှ ကလေးကိုပေးနိုင်သည့် ပထမဆုံးနှင့် တန်ဖိုးအရှိဆုံး ကာကွယ်ဆေး ဖြစ်ပါသည်။
  • မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးငယ်တွင် ဝမ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်ဝင်ရောက်ခြင်းနှင့် နာတာရှည် ရောဂါများ ဖြစ်ပွားမည့်အန္တရာယ်ကို လျှော့ချနိုင်ပါသည်
  • မိခင်နို့တိုက်ကျွေးခြင်းဖြင့် မိခင်နှင့် ကလေးငယ်တို့ကြား သံယောဇဉ်တွယ်တာမှု ပိုမိုခိုင်မာစေပါသည်။

မိခင်များအတွက် အကျိုးကျေးဇူးများ

  • နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ခြင်းကို နှောင့်နှေးကြန့်ကြာစေနိုင်သည်။
  • မိခင်တွင် မမျိုးဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာတို့ဖြစ်ပွားမည့် အန္တရာယ်ကို လျှော့ချပေးနိုင်သည်။

ကလေးကိုမိခင်နို့ ခဏခဏတိုက်ပါ။

  • မိမိ၏ရင်သွေးကို နို့ဝအောင် တိုက်နိုင်သည်ဟု ယုံကြည်စိတ်မွေးပါ။ နို့ထွက်များပါမည်။
  • အချိန်ကြာကြာ တိုက်ပါ။
  • အသက်(၆)လ မတိုင်မီ နေ့ရောညပါ မိခင်နို့တစ်မျိုးတည်း တိုက်ပါ။
  • မိခင်သည် အာဟာရပြည့်ဝစွာ စားသုံးပါက အမြွှာကလေးများအတွက်လည်း မိခင်နို့လုံလောက်စွာ တိုက်ကျွေးနိုင်ပါသည်။
  • (၆)လပြည့်ပြီးနောက် အာဟာရကြွယ်ဝသော ဖြည့်စွက်အစာများကို စတင်ကျွေးရင်း မိခင်နို့ကို ကလေးငယ် (၂)နှစ်ကျော်သည်အထိ ဆက်လက်၍ တိုက်ကျွေးပါ။