ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၅) ဆယ်ကျော်သက် လ...
  5. လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်း

လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်း

လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်းသည် အသက် (၉) နှစ်မှ (၁၆) နှစ်အတွင်း လူတိုင်းဖြတ်သန်းရမည့် ကာလအပိုင်းအခြားတစ်ခုဖြစ်သည်။ ထိုကာလသည် ကလေးဘဝမှ လူကြီးဘဝသို့ ဖွံ့ဖြိုးပြောင်းလဲသော ကာလဖြစ်သည့်အတွက် ဖွံ့ဖြိုးပြောင်းလဲနှုန်းသည် တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။

လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်အတွင်းတွင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများပါ လျင်မြန်စွာ ဖြစ်ပေါ်နိုင်ပါသည်။

ယောက်ျားလေးများတွင်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

လူပျိုဖော်ဝင်ချိန်တွင် ခန္ဓာကိုယ်အတွင်းအပြင်၌ အပြောင်းအလဲများစွာဖြစ်ပေါ်လာပါသည်။

လူပျိုဖော်ဝင်တော့မည်ဆိုပါက ဝက်ခြံနှင့် ခန္ဓာကိုယ်အမွေးအမှင်များထွက်လာခြင်း၊ စိတ်အပြောင်းအလဲ အတက်အကျများခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ ထိုကာလသည် လူတိုင်းဖြတ်ကျော်ရမည်ဖြစ်ပြီး အခက်အခဲများလည်း ရှိနိုင်ပါသည်။

ယောက်ျားလေးများတွင်ဖြစ်သောပြောင်းလဲမှုများ

  • အရေပြားပေါ်တွင် အဆီဓာတ်ပိုမိုများပြားလာခြင်း
  • ချွေးဂလင်းများ အလုပ်ပိုမိုလုပ်ခြင်း
  • အရပ်ရှည်လာခြင်း
  • ဝက်ခြံအနည်းငယ် ထွက်လာခြင်း
  • ခန္ဓာကိုယ်အနံ့ ပြောင်းလာခြင်း
  • အမွေးအမှင်များပေါက်လာခြင်း

မိန်းကလေးများတွင်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

အပျိုဖော်ဝင်တော့မည်ဆိုပါက ဝက်ခြံထွက်ခြင်း၊ ရင်သားဖွံ့ဖြိုးလာခြင်း၊ ခန္ဓာကိုယ် အမွေးအမှင်များထွက်လာခြင်း၊ စိတ်အပြောင်းအလဲ အတက်အကျများလာခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုကာလသည် လူတိုင်းဖြတ်ကျော်ရမည်ဖြစ်ပြီး အခက်အခဲများလည်း ရှိနိုင်ပါသည်။

မိန်းကလေးများတွင်ဖြစ်သောပြောင်းလဲမှုများ

  • ချွေးဂလင်းများအလုပ်ပိုမိုလုပ်ခြင်း
  • အရပ်ရှည်လာခြင်း
  • ဝက်ခြံအနည်းငယ်ထွက်လာခြင်း
  • ခန္ဓာကိုယ်အနံ့ ပြောင်းလာခြင်း
  • အမွေးအမှင်များပေါက်လာခြင်း

ဝက်ခြံထွက်ခြင်း

အကြောင်းအမျိုးမျိုးကြောင့် ဝက်ခြံများသည် မျက်နှာ၊ ကျောကုန်း၊ နေရာအနှံ့တွင်ထွက်နိုင်ပါသည်။ အထူးသဖြင့် လူပျို၊ အပျိုဖော် ဝင်ချိန်တွင် အရေပြားသည် အဆီပိုထွက်ပါသည်။ ထိုအဆီသည် ဘက်တီးရီးယား၊ ဖုန်မှုန့်များနှင့်ရောကာ ချွေးပေါက်ကလေးများပိတ်ပြီး ဝက်ခြံထွက်ခြင်းဖြစ်သည်။ အချို့တွင် ဝက်ခြံထွက်ခြင်းမှာ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။

လိုက်နာသင့်သောအချက်များ

ဘဝတစ်သက်တာပတ်လုံး ခန္ဓာကိုယ်အား မှန်မှန်ကန်ကန် ပြုစုပျိုးထောင်သွားရန် အရေးကြီးပါသည်။ ၎င်းအချိန်သည် ဖွံ့ဖြိုးသောအချိန် ဖြစ်သဖြင့် စိတ်ကသိကအောက် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အပျိုဖော်ဝင်ကာစ မိန်းကလေးများကို ကူညီစောင့်ရှောက်သင့်ပါသည်။ (ဥပမာ ရေချိုးလျှင် ရင်လျားဖို့ သင်ပြခြင်း၊ ရှင်မီးဝတ်ခိုင်းခြင်း)

ရာသီပေါ်ခြင်းနှင့်ပတ်သက်၍ (တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ ရာသီပေါ်ခြင်း၏ လစဉ်စက်ဝန်းတို့ကို) မိခင်မှ သေချာစွာ ရှင်းပြသင့်သည်။ ရာသီပေါ်မှာ မှန်မှန်မပေါ်ဘဲ နှစ်လ၊ သုံးလတွင်မှ တစ်ခါသာ ဖြစ်တတ်ပါသည်။ တစ်ခါတလေ အချိန်ကြာမြင့်စွာ ရာသီသွေး ပေါ်နေတတ်ပါသည်။ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ပုံ အလေ့အထများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာနိုင်ရန်ကြိုးစားပါ။ ရေများများ သောက်ခြင်း၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားရန်နှင့် အချိုရည်၊ သကြားလုံးကဲ့သို့ သကြားဓာတ်များသော သရေစာများကို ရှောင်ခြင်းတို့ ဖြစ်ပါသည်။

အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် စိတ်ခံစားမှုဆိုင်ရာပြောင်းလဲမှုများ

  • ကျား၊ မ ကွဲပြားခြင်းကို စတင်သတိထားမိလာပြီး ဆန့်ကျင်ဘက်လိင်ကို စတင်စိတ်ဝင်စားမိလာသည်။ တစ်ကိုယ်တော် ကာမစိတ်ဖြေမှုကို စတင်ပြုလုပ်လာနိုင်သည်။
  • စူးစမ်းလိုစိတ်၊ စွန့်စားလိုစိတ်များ ဖြစ်ပေါ်လာတတ်သည်။ စိတ်စေစားရာနောက်ကိုလိုက်ပြီး လုပ်တတ်သည်။ စိတ်အတက်အကျ အပြောင်းအလဲ မြန်တတ်ပါသည်။
  • ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် အလှအပကို တခြားရွယ်တူများနှင့် နိုင်းယှဉ်ကာ အလွန်စိတ်ဝင်စားလာသည်။
  • မိသားစုနှင့်နေလိုစိတ် လျော့ပါးလာပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပို၍လိုလားလာကြသည်။ မိသားစုနှင့်စာလျှင် သူငယ်ချင်းများကို ပိုမိုခင်တွယ်လာတတ်သည်။
  • သူငယ်ချင်းများလုပ်သည့်အတိုင်း လိုက်လုပ်တတ်လာသည်။
  • မိမိခြေထောက်ပေါ် မိမိရပ်တည်ချင်လာသည်။ မိမိလုပ်သောလုပ်ရပ်များအပေါ် အမှန်၊ အမှား ခွဲခြားတတ်လာသည်။
  • ဘဝအတွက် ကိုယ်ပိုင်ရည်မှန်းချက်၊ ရည်ရွယ်ချက်များ စတင်ချမှတ်လာတတ်သည်။
  • ကိုယ့်ကိုယ်ကိုယ် လူကြီးဖြစ်ပြီအထင်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်လိုစိတ်များ ရှိလာသည်။ စည်းမျဉ်းစည်းကမ်းများကို အရွဲ့တိုက်ပြီး ဆန့်ကျင်ဖက်လုပ်ကြည့်တတ်လာသည်။