ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁) မွေးကင်းစ နှင...
  5. ၁။ မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း

၁။ မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း

မွေးကင်းစကလေးငယ်များအတွက် အသက်အန္တရာယ်စိုးရိမ်ရသော လက္ခဏာများ

မွေးကင်းစ ကလေးငယ်များ (၀ မှ ၂၈ – ရက်အတွင်း)တွင် အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက ဆေးရုံ ဆေးခန်း /ကျန်းမာရေး ဌာနများသို့ နေ့ညမဆိုင်း ချက်ချင်းပြသပါ။

  • အသက်ရှူမြန်လျှင် / ခက်ခဲလျှင်၊ ညည်းလျှင်၊ နှုတ်ခမ်းနှင့်လျှာပြာနှမ်းလျှင်၊ အသက်ရှူသွင်းစဉ် နှာခေါင်းဝလှုပ်ရှားမှုများရှိလျှင်
  • အသက်ရှူသွင်းစဉ် ရင်ဘတ်အောက် ချိုင့်ဝင်လျှင်
  • တက်လျှင်၊ မှိန်း၍နှိုးရခက်လျှင်
  • နို့လုံးဝ မစို့လျှင်၊ နို့တိုက်ရခက်ခဲလျှင်၊ ၂၄နာရီအတွင်း နို့စို့မှု (၅)ကြိမ်အောက်နည်းလျှင်
  • ဖျားလျှင် (သို့) ကိုယ်အေးစက်လျှင်
  • ချက်မှ သွေးထွက်လျှင် (သို့) ချက်ပတ်လည်အရေပြားနီရဲလျှင် (သို့) ချက်မှ ပြည်ထွက်လျှင်
  • ကလေး အလွန်သေးငယ်လျှင်
  • သန္ဓေပတ်မစေ့မီမွေးဖွားသော ကလေးဖြစ်လျှင်
  • မျက်စိမှ ပြည်ထွက်လျှင်
  • အသားဝါလျှင်
  • လှုပ်ရှားမှုမရှိလျှင် (သို့) လှုံ့ဆော်မှုရှိမှသာ လှုပ်ရှားလျှင်
  • ပျော့ဖတ်ခြင်း၊ တောင့်တင်းခြင်းရှိလျှင်
  • အလွန်ဖြူဖျော့လျှင် အရေပြားပေါ်တွင် (၁၀)ဖုထက်များသော ပြည်ဖုလေးများ / ပြည်ဖုကြီးများပေါက်လျှင်
  • ခြေလက်များကောင်းစွာ မလှုပ်ရှားလျှင်

မွေးကင်းစကလေးပြုစုစောင့်ရှောက်မှုခံယူခြင်း

မီးတွင်းမိခင် ကျန်းမာရေးစောင့်ရှောက်မှုပေးသကဲ့သို့ မီးတွင်းကာလတွင် မွေးကင်းစကလေးကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်ပါသည်။

မွေးပြီးနောက်ပိုင်း မွေးကင်းစကလေးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
ပုံမှန်ကလေး (ကျန်းမာပြီး ကိုယ်အလေးချိန် ၂၅ ကီလိုဂရမ်နှင့်အထက်) ဖြစ်ပါက
  • ပထမအကြိမ်အဖြစ် မွေးပြီးပြီးချင်း ပထမနေ့ (၂၄)နာရီအတွင်းတွင် စောနိုင်သမျှစောစော
  • ဒုတိယအကြိမ်အဖြစ် မွေးပြီး (၃)ရက်မြောက်နေ့
  • တတိယအကြိမ်အဖြစ် မွေးပြီး (၇)ရက်မြောက်နေ့များတွင် မွေးကင်းစ ပြုစုစောင့်ရှောက်မှု ရရှိရန်လိုပါသည်။
သေးငယ်သောကလေး (၂-၂-၄ ကီလိုဂရမ်) ဖြစ်ပါက
  • ပထမအကြိမ် ဆေးရုံဆေးခန်း ကျန်းမာရေးဌာနတွင် မွေးဖွားပါက မွေးပြီးနောက်ပိုင်း (၂၄)နာရီအတွင်း၊ အိမ်တွင်ဖြစ်စေ မည်သည့်နေရာတွင် မွေးဖွားသည်ဖြစ်စေ မွေးပြီးနောက်ပိုင်း(၂၄)နာရီအတွင်း စောနိုင်သမျှစောစော
  • ဒုတိယအကြိမ်အဖြစ် မွေးပြီး ၄၈ နာရီမှ ၇၂နာရီအတွင်း
  • တတိယအကြိမ်အဖြစ် မွေးပြီး ၇ ရက်မှ ၁၄ရက်အတွင်း
  • စတုတ္ထအကြိမ်အဖြစ် မွေးပြီး ရက်သတ္တပတ်(၆)ပတ်အတွင်း မွေးကင်းစ ပြုစုစောင့်ရှောက်မှု ရရှိရန်လိုပါသည်။

မွေးကင်းစကလေးငယ်များအား မကိုင်တွယ်မီနှင့် ကိုယ်တွယ်ပြီးတိုင်း မည်သူမဆိုလက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောရမည်။

(၂)ကီလိုဂရမ်အောက်ကလေးကို ဆေးပေးခန်း/ဆေးရုံသို့ ချက်ချင်းလွှဲပို့ရမည်။

မွေးကင်းစကလေးအား ပုံမှန် ပြုစုစောင့်ရှောက်ခြင်း

  • ကလေးကို နွေးနွေးထွေးထွေးထားပါ။
  • မွေးပြီး နာရီဝက်အတွင်း စောနိုင်သမျှစောစွာ မိခင်နို့တိုက်ကျွေးပါ။
  • မွေးစမှ ကလေးအသက်(၆)လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပါ။
  • ရေအပါအဝင် မည်သည့်အရည်မျှ မတိုက်ကျွေးပါနှင့်။
  • ကလေး၏ချက်ကို သန့်ရှင်းစွာထားပါ။
  • အိမ်တွင်မွေးသည့် ကလေးဖြစ်ပါက ကလေး၏ ချက်ထဲသို့ ၇.၁ % ကလိုဟက်ဇီဒင်း ဒိုင်ဂလူကိုနိတ် (7.1% Chlorhexidine Digluconate) ဆေးရည်ကိုတစ်နေ့တစ်ကြိမ် (၇)ရက်တိတိ ထည့်နိုင်ပါသည်။ ၎င်းမှအပ မည်သည့်အရာမျှ မထည့်ပါနှင့်။
  • ချက်ကြွေပြီးမှ ရေချိုးပေးပါ။
  • ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အတိုင်း ကာကွယ်ဆေးထိုးပါ။ အန္တရာယ်လက္ခဏာတစ်ခုခု တွေ့ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ ပြသပါ။
  • ကလေးအား သန့်ရှင်းသော အဝတ်သာဝတ်ဆင်ပေးပါ။
  • နို့ဦးရည်တိုက်ပါ။ ညှစ်မပစ်ပါနှင့်။