ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၇) ကူးစက်နိုင်သေ...
  5. ၇.၂၂ မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါ

၇.၂၂ မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါ

မျက်မြှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါသည် များသောအားဖြင့် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားပြီး အဖြစ်များသော မျက်စိရောဂါတစ်မျိုးဖြစ်သည်။ ရောဂါဖြစ်ပွားလျှင် (၇) ရက်မှ (၁၀) ရက်ခန့်အထိ ကြာမြင့်တတ်ပြီး ရာသီမရွေး ဖြစ်ပွားနိုင်ပါသည်။

ရောဂါလက္ခဏာများ

  • မျက်စိယားယံခြင်း
  • မျက်ရည်ယိုခြင်း
  • မျက်စိနီရဲခြင်း
  • မျက်ဝတ်များ ထွက်ခြင်း
  • မျက်စိနာကျင်ရောင်ရမ်းခြင်း
  • အလင်းရောင် မကြည့်နိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ရောဂါကူးစက်ပုံ

  • ရောဂါဖြစ်သူ၏အဝတ်အစား၊ အသုံးအဆောင်များမှတဆင့် ကူးစက်နိုင်ပါသည်။
  • ကူးစက်မြန်သောရောဂါဖြစ်သဖြင့် တစ်ဦးတစ်ယောက်ရောဂါစဖြစ်လျှင် အခြားသူများသို့ လျင်မြန်စွာ ကူးစက်ပြန့်ပွားသွားနိုင်ပါသည်။ ဥပမာအားဖြင့် ကျောင်းသားတစ်ဦးမှ စာသင်ခန်း တစ်ခန်းလုံး၊ တစ်ကျောင်း လုံးသို့ ကူးစက်နိုင်ပါသည်။
  • မျက်စိနာသူနှင့် နီးကပ်စွာ အတူနေထိုင်သူတို့တွင် ရောဂါကူးစက်လွယ်သဖြင့် အထူးသတိပြုရပါမည်။ မိခင်နှင့်ကလေးတို့မှာ အလွန်နီးစပ်သဖြင့် ကူးစက်နှုန်း မြန်ဆန်ပါသည်။

ရောဂါကာကွယ်ကုသခြင်း

  • ရောဂါဖြစ်ပွားပါက မျက်စိနာသူ၏ မျက်လုံးတစ်ဝိုက်ကို သန့်ရှင်းသော ဂွမ်းအစုံဖြင့် တစ်နေ့(၂) ကြိမ် (၃) ကြိမ်ခန့် သန့်စင်ပေးရပါမည်။ သန့်စင်ပေးသူသည် လက်ကိုဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရပါမည်။
  • မျက်စိဆရာဝန်ထံ ညွန်းပို့ပြီး ညွှန်ကြားသည့်အတိုင်း ပဋိဇီဝဆေးပါဝင်သော မျက်စဉ်းခပ်ရပါမည်။
  • မျက်စဉ်းခပ်မီနှင့် ခပ်ပြီးတိုင်း လက်ဆေးရပါမည်။
  • ရောဂါဖြစ်သူ၏ အဝတ်အစား၊ အသုံးအဆောင် (အထူးသဖြင့် အမျိုးသမီးမျက်နှာ အလှပြင်ပစ္စည်းများ) စုပေါင်းအသုံးပြုခြင်းတို့မှ တဆင့် အခြားသူများသို့ လျင်မြန်စွာ ရောဂါကူးစက်နိုင်ပါသဖြင့် အတူသုံးစွဲခြင်း လုံးဝမပြုလုပ်ရပါ။ သီးသန့်လျှော်ဖွတ် သန့်စင်ရပါမည်။

မျက်စိနာရောဂါကာကွယ်ရန် ပြည်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်းနှင့် ရောဂါဖြစ်ပွားလာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် ဆောလျင်စွာပြသ၍ စနစ်တကျ ဆေးကုသမှုခံယူကြရန် လိုအပ်ပါသည်။