ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၇) ကူးစက်နိုင်သေ...
  5. ၇.၁၃ ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ

၇.၁၃ ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ

ဦးနှောက်အမြှေးရောင်ရောဂါ (Meningococcal Meningitis) သည် အများအားဖြင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး ကူးစက်မြန် ရောဂါတစ်ခု ဖြစ်သည်။ ကျား/မ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက် (၇)နှစ်မှ (၁၄)နှစ်အတွင်းရှိ ကလေးများတွင် ပိုမိုဖြစ်ပွားလေ့ ရှိပါသည်။

ရောဂါလက္ခဏာများ

  • လတ်တလော ပြင်းထန်စွာဖျားခြင်း
  • ပြင်းထန်စွာခေါင်းကိုက်ခြင်း
  • ဇက်တောင့်ခြင်း
  • ကြွက်သားများနာကျင်ခြင်း
  • အန်ခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်း
  • သွေးလန့်ခြင်း၊ တက်ခြင်း
  • အရေပြားတွင် သွေးခြေဥများ ထွက်ခြင်း
  • ငယ်ထိပ်မပိတ်သေးသော (၁)နှစ်အောက် ကလေးများတွင် ငယ်ထိပ်ဖောင်းခြင်း၊ တင်းခြင်း

အထက်ပါ ရောဂါလက္ခဏာဖြစ်ပွားလာပါက (၂)နာရီမှ (၄၈)နာရီအတွင်း ရောဂါပြင်းထန်လာကာ အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။

ရောဂါဖြစ်ပွားပြီးအသက်ရှင်သူများတွင် ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဦးနှောက်ချို့ယွင်း၍ အကြားအာရုံဆုံးရှုံးခြင်း၊ ပညာသင်ကြားရန် အခက်အခဲရှိခြင်းတို့ ဖြစ်တတ်ပါသည်။

ကူးစက်နိုင်သည့် နည်းလမ်းများ

  • လူသည် တစ်ခုတည်းသော ရောဂါပိုး သိုလှောင်ရာဌာနဖြစ်သည်။
  • ရောဂါပိုးသည် ရောဂါပိုးရှိသူလူနာ ချောင်းဆိုးခြင်း၊ နှာချေခြင်းမှထွက်သော သလိပ်မှုန်များမှတစ်ဆင့် တိုက်ရိုက်ကူးစက်သည်။
  • ရောဂါဖြစ်ပွားသူ၏ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်မှထွက်သော အရည်နှင့် အသုံးအဆောင်ပစ္စည်းများကို ထိတွေ့မိခြင်းတို့မှလည်း ကူးစက်နိုင်သည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

  • အောက်ဖော်ပြပါ အခြေအနေများကို ဆောင်ရွက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရမည်။
    • အစာမစားမီနှင့် အစာစားပြီးချိန်
    • အစားအစာမပြင်ဆင်မီနှင့် ပြင်ဆင်ပြီးချိန်
    • ကြက်၊ ငှက်အသားများနှင့် ကြက်၊ ငှက် စွန့်ပစ်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်
    • လူနာအသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်နှင့် လူနာကို ပြုစုပြီးချိန်
    • နှပ်ညှစ်ပြီးချိန်၊ နှာချေ၊ ချောင်းဆိုးပြီးချိန်
  • နှာချေ၊ ချောင်းဆိုးသောအခါ ပါးစပ်နှင့် နှာခေါင်းစည်း အသုံးပြုခြင်း၊ တစ်ရှူး၊ လက်ကိုင်ပဝါ (သို့မဟုတ်) မိမိလက်အား တံတောင်ဆစ် ကွေး၍ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ပေးခြင်းပြုလုပ်ပါ။
  • တံတွေး၊ သလိပ်များကို စည်းကမ်းမဲ့ထွေးခြင်းမှ ရှောင်ကြဉ်ပါ။
  • ပွဲလမ်းသဘင်၊ လူစည်ကားသောနေရာနှင့် ဖုန်ထူထပ်သော နေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
  • ရောဂါဖြစ်ပွားသူများ၊ ရောဂါရှိသည်ဟု ယူဆရသူများနှင့် တွေ့ဆုံရန် လိုအပ်ပါက ရောဂါမကူးစက်စေရန် နှာခေါင်းနှင့် ပါးစပ်ဖုံးအုပ်ထားသော မျက်နှာဖုံး အကာအကွယ်နှင့် အခြားအကာအကွယ်ပစ္စည်းကို အသုံးပြုပါ။
  • ယုံကြည်စိတ်ချရသော ကြိုတင်ကာကွယ်ဆေး (Meningococcal Vaccine) ထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။

ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း

  • ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ရောဂါဖြစ်သူနှင့် အနီးကပ်အတူနေ မိသားစုဝင်များ၊ အခန်းဖော်များ၊ ရောဂါဖြစ်ပွားသူအား ထိတွေ့ ကိုင်တွယ်သူများကိုသာ တိုက်ကျွေးသင့်ပါသည်။
  • အုပ်စုလိုက် ရပ်ကွက် / ရွာလုံးကျွတ် ကာကွယ်ဆေး တိုက်ကျွေးခြင်း မပြုလုပ်ပါနှင့်။

သိမှတ်ဖွယ်ရာအချက်များ

  • ခြောက်သွေ့ အေးမြသော၊ ပူပြင်းသော၊ ရာသီများတွင် ရောဂါပိုမိုဖြစ်ပွားသည်။
  • လေထုစိုထိုင်းမှုနည်း၍ ခြောက်သွေ့ခြင်း၊ ဖုန်ထူခြင်းနှင့် ပွဲလမ်းသဘင်များသည် ရောဂါဖြစ်ပွားစေသည့် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများသည့် အခြေအနေများဖြစ်သည်။
  • လူစုလူဝေးနှင့် နေထိုင်မှုသည် ရောဂါပိုမိုပျံ့နှံ့လွယ်သည်။