- ကလေးများသည် မွေးစကပင် အသိဉာဏ်ရှိပါသည်။
- ဉာဏ်ရည်ဖွံ့ ဖြိုးတိုးတက်ရန်အတွက် ချစ်ခင်ကြင်နာမှုလိုအပ်ပါသည်။
- ကာယ၊ ဉာဏဖွံ့ ဖြိုး၍ ဉာဏ်ရည်ထက်မြက်သော ကလေးငယ်ဖြစ်ရန်အတွက် ပျော်ရွှင်ဖွယ်ရာ ပတ်ဝန်းကျင်နှင့် ချစ်ခင်ကြင်နာမှု လိုအပ်ပါသည်။
- မိဘ (သို့မဟုတ်) ကလေးထိန်းသူမှ ကလေးအား ဂရုတစိုက်ပြုံး၍ ချော့မြူခြင်း၊ စကားပြောခြင်း၊ ချစ်ခင်ကြင်နာသည့် အပြုအမူများ ပြုလုပ်ပေးရန် လိုအပ်ပါသည်။
- ထိုကဲ့သို့ ပြုမူပေးခြင်းဖြင့် ကာယ၊ ဉာဏဖွံ့ ဖြိုး၍ ဉာဏ်ရည်ထက်မြက်သော ကလေးငယ်များ ဖြစ်လာမည်ဖြစ်သည်။
- ကလေး၏ တုန့်ပြန်မှုကိုလည်း ဂရုပြုပါ။ ဂရုစိုက်ပါ။
- ကလေးပတ်ဝန်းကျင်တွင် ရောင်စုံကစားစရာများ၊ အရုပ်များ၊ ရုပ်ပုံများ ထားရပါမည်။
- ကလေးများအား အန္တရာယ်ကင်းသော ကစားစရာများပေး၍ ကစားစေရပါမည်။
- ကစားခြင်းဖြင့် မိမိတို့၏ ပတ်ဝန်းကျင်အကြောင်းကို သိရှိနားလည်နိုင်သည်။ ကစားခြင်းဖြင့် ကလေး၏ ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ကို ကြီးထွားဖွံ့ဖြိုးစေရုံသာမက ပြောဆိုဆက်ဆံရေးကိုလည်း တိုးတက်စေသည်။
- ကလေးသည် တစ်ဦးတည်းဖြစ်စေ၊ အခြားကလေးများနှင့်ဖြစ်စေ ကစားနိုင်သည်။ ကလေးကစားနိုင်ရန် တန်ဖိုးကြီးသော အရုပ်များ ဝယ်ပေးရန် မလိုပါ။ မိမိအိမ်တွင် ပြုလုပ်သော ကစားစရာများနှင့်ဖြစ်စေ၊ အိမ်အသုံးအဆောင် ပစ္စည်းများနှင့်ဖြစ်စေ ကစားနိုင်ပါသည်။
- ကလေးကစားရာတွင် ဘေးအန္တရာယ်ကင်းရန် အရေးကြီးသဖြင့် ကလေးကစားသည့် အနီးတဝိုက်တွင် ထိခိုက်ဒဏ်ရာ ရစေနိုင်သော ပစ္စည်းများ မရှိစေရန် ရှင်းလင်းထားရမည်။
- မိဘများသည် ကလေးကို အန္တရာယ်ကင်းသော ကစားစရာများဖန်တီးပေးခြင်း၊ ကလေးနှင့်အတူကစားခြင်း၊ ကလေးကိုယ်တိုင် ကြိုးစားရန် အခြေအနေ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်။
အောက်ပါအချက်များမှတစ်ခုရှိပါကဆေးရုံ/ဆေးခန်း/ကျန်းမာရေးဌာနများသို့အမြန်ဆုံး သွားရောက် ပြသပါ။
အသက် | အမြန်ဆုံးသွားရောက်ပြသရမည့်အချက်များ |
၁-၃ လ | မိခင်မျက်နှာ (သို့) အရာဝတ္ထုတို့ကို လိုက်၍မကြည့်ခြင်း၊ အသံပေးသော်လည်း အပြုအမူ မပြောင်းလဲခြင်း၊ မြူလျှင် ပြုံးမပြတတ်ခြင်း၊ ကိုယ်ခန္ဓာလွန်စွာ တောင့်ခြင်း (သို့) ပျော့ခြင်း။ |
၆ လ | လက်သီးအမြဲဆုပ်ထားခြင်း၊ ခေါင်းမခိုင်ခြင်း၊ အရုပ်တစ်ခုခုကိုမကိုင်နိုင်ခြင်း။ |
၉ လ | အမှီအတွယ်မရှိလျှင် မထိုင်နိုင်ခြင်း (လက်ထောက်၍ပင် မထိုင်နိုင်ခြင်း)၊ မရယ်မောတတ်ခြင်း။ |
၁ နှစ် | ကလေးသဘာဝ ဝူးဝူးဝါးဝါး မပြုလုပ်ခြင်း၊ တာ့တာမပြုလုပ်နိုင်ခြင်း၊ ခေါင်းညိမ့် / ခေါင်းခါ မပြုလုပ်တတ်ခြင်း၊ လက်ညှိုးမထိုးတတ်ခြင်း။ |
၁နှစ်ခွဲ | မတ်တပ် မစမ်းခြင်း။ |
၂ နှစ် | ဖေဖေ၊ မေမေ မခေါ်တတ်ခြင်း၊ လမ်းကောင်းစွာမလျှောက်နိုင်ခြင်း။ |
၃ နှစ် | မပြေးနိုင်ခြင်း၊ မကြာခဏလဲကျခြင်း၊ ဝါကျအတိုများမပြောနိုင်ခြင်း၊ မျက်လုံးချင်းဆိုင်မကြည့်ခြင်း။ |
၄ နှစ် | စကားပြောသော်လည်း အခက်အခဲများစွာဖြင့် ပြောရသောကြောင့် အခြားသူများ နားမလည်ခြင်း၊ အခြားကလေးများနှင့် မကစားဘဲတစ်ဦးတည်း သီးသန့်နေခြင်း |
မည်သည့်အသက်မဆို | ယခင် ရှိပြီးတတ်ပြီးသား ကလေးဖွံ့ဖြိုးတိုးတက်မှုများ ပျောက်ဆုံးသွားခြင်း (သို့) ဆုတ်ယုတ်လာခြင်း၊ ယခင်ပြောတတ်သော စကားများ ပြန်ပျောက်သွားခြင်း။ |