ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၁) သဘာဝဘေးအန္တရ...
  5. ၁၁.၃ အပူဒဏ်အန္တရာယ်ကာကွယ်ရေး

၁၁.၃ အပူဒဏ်အန္တရာယ်ကာကွယ်ရေး

နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆား ဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားလာပါသည်။ အပူဒဏ်ကြောင့် ဖောရောင်ခြင်း၊ မိတ်နှင့်ယားနာများ ထွက်ခြင်းနှင့် ကြွက်တက်ခြင်းစသည့် ရောဂါဝေဒနာများအား ခံစားရရှိနိုင်ပါသည်။

ထိုအပြင် ရောဂါပိုမိုဆိုးရွားလာပါက အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် မူးမေ့ခြင်းတို့ကိုပါ ခံစားရနိုင်ကာ ပိုမိုပြင်းထန်ဆိုးရွားလာပါက အပူဒဏ်ကြောင့် သတိလစ်ခြင်းအထိ ဖြစ်ပွားစေနိုင်ပါသည်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစား ရနိုင်ပါသည်။

  • ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း ခေါင်းမူးနောက်ခြင်း
  • ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း မူးမိုက်ခြင်း
  • ခေါင်းကိုက်ခြင်း နုံးချိခြင်း
  • ရေဆာခြင်း ချွေးအလွန်အကျွံထွက်ခြင်း
  • ကိုယ်အပူချိန်မြင့်တက်ခြင်း

ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။

  • အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • သတိလစ်ခြင်း
  • တက်ခြင်း
  • ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်းတို့ ဖြစ်ပါသည်။

အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်

၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ အနေဖြင့် နေ့လည်နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင် နားနေပါ။

၂။ ပူပြင်းသည့်နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

၃။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ်လုံလောက် စွာရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရ အေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။

၄။ အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ပါ။

၅။ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ။

၆။ အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

၇။ ခန္ဓာကိုယ်အတွင်းရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။

၈။ မိတ်နှင့် ယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကိုပြုလုပ်ပါ။

အပူဒဏ်အန္တရာယ်ခံစားရသော လူနာအားအရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာတွင်ထားရှိခြင်း၊ရေနှင့်ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား (၂) ဖက်နှင့်ပေါင်ခြံ (၂) ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့ ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူပါ။

အပူဒဏ်အန္တရာယ်ခံစားရသောလူနာအားတွေ့ရှိပါက အောက်ပါအတိုင်း အရေးပေါ် ရှေးဦးပြုစုပါ။

၁။ လူနာအား အရိပ်ရအေးမြသော နေရာ(သို့) လေပန်ကာ ရှိသောနေရာ (သို့) လေအေးပေးစက် ရှိသောအခန်းသို့ ရွှေ့ပြောင်းပါ

၂။ လူနာအား နီးစပ်ရာဆေးရုံ/ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။ အရိပ်ရသည့် နေရာသို့ ပို့ဆောင်ပါ (သို့မဟုတ်) အရိပ်ရအောင် ဆောင်ရွက်ပေးပါ။ ဆေးရုံ/ ဆေးခန်းသို့ ပို့ဆောင်နေစဉ် (သို့) ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့်ပြသရန် စောင့်ဆိုင်းနေစဉ် အောက်ပါအချက်များအား ဆောင်ရွက်ပါ။

၃။ လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ။

၄။ လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။

၅။ လူနာကောင်းစွာ သတိရနေပါက ရေအေးအေး တိုက်ပေးပါ။

၆။ လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေး ဖြန်းပေးပါ။

၇။ လူနာ၏လည်ပင်း၊ ဂျိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေးအေး(သို့) ရေခဲရေ စိမ်ထားသော အဝတ်များဖြင့် ရေပတ်အုပ်ပေးပါ။

၈။ လေပန်ကာ ရှိပါက လူနာအား ပန်ကာလေမှုတ်ပေးပါ (သို့) ယပ်ခပ်ပေးပါ။

အထက်ဖော်ပြပါ အရေးပေါ် ရှေးဦးပြုစုခြင်းများအား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့အမြန်ဆုံး သွားရောက်ပြသ၍ ဆေးကုသမှုခံယူပါ။