၁။ ကြက်သွန်နီ
ရုက္ခဗေဒအမည် – Allium cepa L.
မျိုးရင်း – Alliaceae
အင်္ဂလိပ်အမည် – Onion
အသုံးပြုပုံ
- ကြက်သွန်နီသည် ဆီးကို ကောင်းစွာသက်စေသည်။ သွေးကို သန့်ရှင်းကြည်လင်စေသည်။ အပူကို ငြိမ်းစေနိုင်သည်။
- ဆီးချုပ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးကျဉ်ခြင်း၊ ဆီးနည်းခြင်း တို့အတွက် ကြက်သွန်နီကို ပါးပါးလှီးကာ ရှောက်ရည်ဖြင့် ဆမ်းစားရသည်။
- ကြက်သွန်နီသည် မီးယပ်သွေးကို သန့်ရှင်းကြည်လင်စေနိုင်သော အာနိသင်ရှိသဖြင့် အမျိုးသမီးများ မီးယပ်သွေးပေါ်ချိန်တွင် ကြက်သွန်နီ လတ်လတ်ဆတ်ဆတ်ကို စားသောက်သင့်သည်။
- ကြက်သွန်နီကို ရှာလပတ်ရည်သဖွယ် ပြုလုပ်သောက်ပေးခြင်းဖြင့် နှာစေးနှာပိတ်ခြင်း၊ ပန်းနာရင်ကျပ်နှင့် အဆုတ်အအေးမိခြင်းများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
- ကြက်သွန်နီကို ရှားစောင်းလက်ပပ်နှင့် ယိုအဖြစ် ထိုးစားပါက သွေးအားကို တိုးပွားစေပြီး ခွန်အားကို ဖြစ်စေပါသည်။
၂။ ကြက်သွန်ဖြူ
ရုက္ခဗေဒအမည် – Allium sativum L.
မျိုးရင်း – Alliaceae
အင်္ဂလိပ်အမည် – Garlic
အသုံးပြုပုံ
- ကြက်သွန်ဖြူသည် အဆီကိုကျစေနိုင်သဖြင့် နေ့စဉ်မှန်မှန်စားသုံးပါက သွေးတိုးရောဂါမှ ကာကွယ်နိုင်သကဲ့သို့ သွေးတိုးရောဂါကို သက်သာစေသည်။
- ကလေးများ လေဆန်နာဖြစ်လျှင် ကြက်သွန်ဖြူဥတစ်လုံးကို မီးဖုတ်ကျွေးရသည်။ အအေးမိ၊ အဆုတ်ပွရောဂါ၊ တုပ်ကွေးဖျားကို သက်သာ စေသည်။
- ကြက်သွန်ဖြူသည် ရောဂါပိုးများကို သေစေနိုင်သဖြင့် အဆုတ်တီဘီရောဂါများတွင် တိုက်ကျွေးနိုင်သည်။
- လိမ်းဆေးအဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်လိမ်းပြီးလျှင် ကိုယ်လက်အကိုက်အခဲနှင့် နားကိုက်၊ နားပြည်ယိုခြင်း ကိုသက်သာစေသည်။
- ကြက်သွန်ဖြူကို ကြာရှည်စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။ ကင်ဆာဖြစ်ပွားမှုနည်းပါးစေရန် ကြိုတင်ကာကွယ် စားသုံးနိုင်သည်။
- ကြက်သွန်ဖြူဥတစ်လုံးကို အပ်နှင့်ဖောက်၍ ပျားရည်တွင်စိမ်ထားပြီး နေ့စဉ်စားသုံးပါက အိပ်ပျော်စားဝင် အားအင်ပြည့်ဖြိုးစေနိုင်သည်။
- စမုန်နက်၊ ရှိန်းခို၊ ကြက်သွန်ဖြူ၊ လင်းနေ၊ ကြောင်ပန်းရွက် ဆတူယူ၍ အမှုန့်ပြုကြိတ်ကာ ပဲဝက်ခန့် အလုံးပြုလုပ်၍ ထားပါ။ ၎င်းဆေး (၂) လုံးမှ (၃) လုံးထိ တိုက်ကျွေးခြင်းဖြင့် ဝမ်းဗိုက်နာ၊ လေနာ၊ အစာအိမ်နာတို့ကို သက်သာပျောက်ကင်းစေသည်။
၃။ ခရမ်းချဉ်
ရုက္ခဗေဒအမည် – Lycopersicon esculentum Mill.
မျိုးရင်း – Solanaceae
အင်္ဂလိပ်အမည် – Tomato
အသုံးပြုပုံ
- မျက်စိအမြင်အားနည်းခြင်း၊ ကြက်မျက်သင့်ခြင်းဖြစ်ပါက ခရမ်းချဉ်သီးအရည်ကို သကြားနှင့် ရောစပ်သောက်ပေးရသည်။
- ထိုအပြင် ခရမ်းချဉ်သီးသတ္တုရည် သောက်ပေးပါက စမြင်းဒေါသကြေခြင်း၊ ဝမ်းမှန်၍ လေသက်ခြင်းကို ဖြစ်စေသည်။
- အမျိုးသားများ ဆီးကျိတ်ရောင်ခြင်းကို သက်သာစေသည်။
- ခရမ်းချဉ်သီးသည် ကိုယ်တွင်းရှိ အပူကိုငြိမ်းစေနိုင်သကဲ့သို့ အပူလောင်ခြင်း အမျိုးမျိုးကို သက်သာပျောက်ကင်းစေသော အာနိသင်ရှိသည်။ အပူလောင်ခြင်း၊ မီးပူလောင်ခြင်၊ ဆီပူလောင်ခြင်းဖြစ်ပါက ခရမ်းချဉ်သီး သတ္တုရည်ကို သကြားနှင့် ခပ်ပျစ်ပျစ်ဖျော်၍ လိမ်းပေးရသည်။
၄။ ချင်း
ရုက္ခဗေဒအမည် – Zingiber oficincle Roscoe
မျိုးရင်း – Zingiberaceae
အင်္ဂလိပ်အမည် – Ginger
အသုံးပြုပုံ
- အသံဝင်ခြင်း၊ အသံပျက်ခြင်း၊ လည်ချောင်းနာခြင်းအတွက် ချင်းပါးပါး (၇) လွှာအား ထန်းလျက် (၃) လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင်ကျိုပြီး သောက်ခြင်းဖြင့် ရောဂါသက်သာပျောက်ကင်းစေသည်။
- Virus များကြောင့် ဖြစ်သည့် တုပ်ကွေးဖျား၊ ချမ်းဖျားတုန်ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းတို့အတွက် ချင်းကို စားပေးခြင်းဖြင့် သက်သာပျောက်ကင်းစေသည်။
- သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါနှင့် အသည်းအဆီဖုံးရောဂါများအတွက်လည်း ချင်းကို စားသုံးခြင်းဖြင့် Cholesterol များ လျော့နည်းသွားနိုင်သည်။
- ချင်း၊ ဖန်ခါးသီးနှင့် ထောပတ်ရောချက်၍ အသက်ရှည်တေဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။
- ချင်းကို ပါးပါးလှီး၍ ဇက်ကြောတက်သူများအတွက် ဇက်ကြောတက်သည့်နေရာ၌ ချင်းပါးပါးလှီးပြီး မီးကင်လျက်ကပ်ပေးခြင်းဖြင့် သက်သာစေသည်။
၅။ ငရုတ်ကောင်း
ရုက္ခဗေဒအမည် – Piper nigrum L.
မျိုးရင်း – Piperaceae
အင်္ဂလိပ်အမည် – Black Pepper
အသုံးပြုပုံ
- ငရုတ်ကောင်းမှုန့် ၂ပဲသားကို ဒိန်ချဉ်၊ ကြံသကာတို့နှင့် ရောစားပါက နှာခေါင်းသွေးလျှံခြင်း၊ သွေးယိုစီးခြင်း၊ နှာစေးခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည်။
- ငရုတ်ကောင်းမှုန့် ၂ ပဲသားကို ပျားရည်နှင့် တေ၍ စားသုံးပါက အခိုးအာကာသကို ရစေသဖြင့် ချောင်းဆိုးရောဂါ၊ ပန်းနာ၊ ရင်ကျပ်ရောဂါများကို သက်သာစေသည်။
- နို့တိုက်မိခင်များအတွက် နို့ကို ကောင်းစွာထွက်စေသည်။ ငရုတ်ကောင်းစေ့ ၂ စေ့၊ ၃ စေ့ခန့်စားခြင်းဖြင့် အစာကြေခြင်း၊ လေကြေခြင်း၊ ဆီးကောင်းခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်းတို့ကို သက်သာစေသည်။
- ငရုတ်ကောင်းမှုန့် နွယ်ချို မှုန့်နှင့် ရောစပ်၍ လျက်ပေးပါက လေထိုးလေအောင့်ခြင်းကို ပျောက်ကင်းစေပါသည်။ ငရုတ်ကောင်းမှုန့်ကို ဟင်းခါးပူပူတွင် ထည့်သောက်ပါက ချွေးကို ကောင်းစွာထွက်စေပြီး အအေးမိ၍ ဖြစ်တတ်သော အဖျားရောဂါသက်သာစေသည်။
၆။ ဒန့်သလွန်
ရုက္ခဗေဒအမည် – Moringa oleifera Lam.
မျိုးရင်း – Moringaceae
အင်္ဂလိပ်အမည် – Drum-stick
အသုံးပြုပုံ
- ဒန့်သလွန်ရွက်ကို သုံးခွက်တစ်ခွက်တင် ပြုတ်ကျို၍ သောက်ပါက သွေးတိုးကျစေသည်။ ဒန့်သလွန်ရွက်ကို ထုထောင်း၍ အရည်ညှစ်ကာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် သောက်ပေးပါက အသံဝင်၊ လည်ချောင်းနာ သက်သာပျောက်ကင်းစေသည်။
- ဆီးချိုရောဂါ အတွက် အမြစ်ကိုကြိတ်၍ သို့မဟုတ် အစေ့ကို အက်ကွဲရုံ ကြိတ်၍ ရေတွင်စိမ်ကာ ရရှိသောအရည်ကြည်ကို သောက်ပေး ပါက သက်သာစေသည်။
- ဒန့်သလွန်သီးကို ဟင်းချက်ကျွေးပါက ကလေးများ သန်ကောင်၊ တုတ်ကောင် ကင်းရှင်းစေသည်။ ဒန့်သလွန်စေ့ကို ထုထောင်း၍ ရေတွင် တစ်နာရီကြာစိမ်ထားပါက ရေကို ကြည်လင်စေသည်။
၇။ နနွင်း
ရုက္ခဗေဒအမည် – Curcuma longa L.
မျိုးရင်း – Zingiberaceae
အင်္ဂလိပ်အမည် – Turmeric
အသုံးပြုပုံ
- နနွင်းသည် သွေးကို သန့်ရှင်းကြည်လင်စေသည်။ နနွင်းကို ဟင်းထဲတွင် ထည့်ချက်စားခြင်းဖြင့် အပူအပုပ်ကင်းစေသော အကျိုးထူးကို ရရှိစေသည်။
- သားဖွားပြီးစ သွေးပုပ်ကျန်ခြင်း၊ သွေးမသန့်ခြင်း၊ ချည့်နဲ့ခြင်း၊ အသားအေးခြင်း၊ သားမြတ်ကိုက်ခြင်း၊ မီးယပ်သွေးဖောခြင်း၊ ယားယံခြင်း တို့အတွက် နနွင်းမှုန့်သန့်သန့်ကို ရေကျက်အေးနှင့် သောက်ခြင်း၊ လိမ်းခြင်း ပြုလုပ်ရသည်။ မှိုင်းရှုခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေချိုးခြင်း၊ လိမ်းခြင်း ပြုလုပ်ရသည်။ ခေါင်းအုံခေါင်းကိုက်ပါက နနွင်းမှိုင်းရှုခြင်း၊ နနွင်းကြပ်ထုပ်ထိုးခြင်း ပြုလုပ်ပေးနိုင်သည်။
- နနွင်းမှုန့်ကို ပျားရည်သင့်ရုံထည့်ကာ သောက်ပေးခြင်းဖြင့် ချောင်းဆိုးရင်ကျပ်၊ သလိပ်ကပ်ခြင်း၊ သွေးဝမ်းသွားခြင်း၊ သွေးလျှံခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။
- နနွင်းမှုန့် ၄ ပဲသားကို ရေနွေးဖြင့်သောက်ပေးခြင်းဖြင့် ပန်းနာရင်ကျပ်နှင့် ဝမ်းလျှောဝမ်းပျက်ရောဂါများ သက်သာပျောက်ကင်းစေနိုင်ပါသည်။
၈။ မြင်းခွာပင်
ရုက္ခဗေဒအမည် – Centella asiatica (L.) urban
မျိုးရင်း – Apiaceae
အင်္ဂလိပ်အမည် – Indian penny wort
အသုံးပြုပုံ
- မြင်းခွာပင် ပဉ္စငါးပါးကို ရေစင်အောင် ဆေး၍ အရိပ်၌ ခြောက်သွေ့စေပြီး အမှုန့်ပြုလျက် ပျားရည်နှင့် မှီဝဲပေးပါက အသက်ရှည်စေသည်။
- အိပ်မပျော်သူများ နှစ်ခြိုက်စွာ အိပ်ပျော်စေသည်။ ဆီးပူ၊ ဆီးအောင့်၊ ဆီးနည်းရောဂါဝေဒနာရှင်များအနေဖြင့် မြင်းခွာပင် ပဉ္စငါးပါး သတ္တု ရည်ကို သကြားနှင့် သောက်နိုင်သည်။
- မြင်းခွာကို အရည်ညှစ်၍ ပျားရည်၊ သကြားတို့နှင့် သောက်က ခွန်အားကို တိုးပွားစေပြီး၊ အမောအပန်းခံနိုင်သည်။ အားနည်း၍ မောပန်း နေလျှင် မြင်းခွာမှုန့် (၅) ကျပ်သား၊ သကြား (၂၅) ကျပ်သားကို ရေ (၁) ပိဿာနှင့် ကျို၍ ထက်ဝက်ကျန်က ၎င်းဆေးရည် တစ်နေ့ (၃) ဇွန်း သောက်ပေးရသည်။
- ခန္ဓာကိုယ်တွင် အနာစိမ်း၊ အနာစက်များ ပေါက်ပါက မြင်းခွာ ပဉ္စငါးပါးပြုတ်ရည်နှင့် ဆွတ်၍ ပေးရသည်။ အနာစိမ်း၊ သွေးစုနာများ ပေါက်ပြီး အမြစ် (ပြည်မြစ်များ) ကျန်နေပါက မြင်းခွာရွက်ကို စပါးလင်နှင့် ဆတူကြိတ်၍ အုံပေးခြင်းဖြင့် အမြစ်ထွက်စေသည်။
- မှတ်ဉာဏ်နည်းခြင်း၊ ဦးနှောက် မကြည်မလင်ဖြစ်ပါက မြင်းခွာမှုန့်ကို နွားနို့၊ သကြားနှင့် သောက်ပေးခြင်းဖြင့် ဦးနှောက်ကြည်လင်၍ မှတ်ဉာဏ်ကို ကောင်းမွန်စေသည်။
- သွေးဝမ်းသွားခြင်း၊ ဆီးတွင် သွေးပါခြင်း၊ ဆီးချုပ်ခြင်း ဖြစ်ခဲ့သော မြင်းခွာရွက် သတ္တုရည်ကို သကြားအနည်းငယ်ထည့်၍ သောက်ခြင်း ဖြင့်သက်သာစေသည်။
၉။ ရဲယိုပင်
ရုက္ခဗေဒအမည် – Morinda citrifolia L.Roxb.
မျိုးရင်း – Rubiaceae
အင်္ဂလိပ်အမည် – Indian Mulberry / Noni
အသုံးပြုပုံ
- ရဲယိုသီးမမှည့်တမှည့်ကို မီးဖုတ်ကာ ဆားသင့်ရုံထည့်၍ ကြိတ်ပြီး သွားတိုက်ပေးပါက သွားနှင့် သွားဖုံးများ ခိုင်မာစေသည်။
- နှာခေါင်းသွေးလျှံခြင်း၊ နို့ချောင်းပိတ်ခြင်း၊ နို့ခန်းခြင်း၊ သကျည်းကိုက်ခြင်း၊ ဝမ်းရစ်ခြင်းအတွက် ရဲယိုရွက် ၃-၅ ရွက်ကို ပြုတ်၍ သုပ်စားပေးရသည်။
- လေထိုးလေအောင့်ရောဂါအတွက် အသီးနုနု နှစ်လုံးကို ပြုတ်၍ သုပ်စားပေးပါက သက်သာပျောက်ကင်းစေသည်။
- ဝမ်းဖောဝမ်းရောင်၊ ရင်ပြည့်ရင်ကယ်ခြင်း ရဲယိုသီး အမှည့်၊ ထန်းလျက်၊ ဆားမီးဖုတ်တို့ကို ဆေးအဖြစ် စားပေးရသည်။
- နှလုံးရောဂါ၊ သွေးသွန်ရောဂါနှင့် ဆီးချိုရောဂါများအတွက် ရဲယိုရွက်ကို ဒန့်သလွန်ရွက်နှင့် ဟင်းချိုချက်သောက်ပါက သက်သာ ပျောက်ကင်းစေသည်။
- လေငန်းရောဂါအတွက် ရဲယိုရွက်နှင့် ငါးရံ့ကို ဖက်ထုပ်ပြုလုပ် ချက်စားပေးခြင်းဖြင့် သက်သာစေပါသည်။
- အဖု၊ အကျိတ်ရောဂါများအတွက် ရဲယိုရွက်ကို ကြိတ်၍ အုံပေးပါက နုလျှင် ပိန်၍၊ ရင့်လျှင် ပေါက်သွားစေတတ်သည်။
- တီဘီရောဂါအတွက် အရည်ရွှမ်းသော ရဲယိုသီးအမှည့်ကို ညှစ်ယူ၍ရသောအရည်အား တစ်ကြိမ်လျှင် ဟင်းစားဇွန်း တစ်ဇွန်းခန့် တစ်ရက်လျှင် (၃) ကြိမ်သောက်ပေးပါက သက်သာစေပါသည်။
၁၀။ သံပုရာ
ရုက္ခဗေဒအမည် – Citrus aurantifolia (Christm. & Pant.) Swingle
မျိုးရင်း – Rutaceae
အင်္ဂလိပ်အမည် – Lime
အသုံးပြုပုံ
- သံပုရာရည်ကို သကြားခတ်၍ သောက်ပါက အဆစ်ကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်းတို့ကို သက်သာစေသည်။
- သံပုရာသီးအစိမ်း၏ အခွံကိုစားပါက လေနာ၊ ရင်နာသက်သာစေသည်။ ယားနာ၊ ပွေး၊ အမဲကွက်များအတွက် သံပုရာသီးကို ထက်ခြမ်းခြမ်း၍ ပွတ်တိုက်ပေးပါ။
- သံပုရာရည် လတ်လတ်ဆတ်ဆတ်ကို နှာခေါင်းထဲ ၂ စက်၊ ၃ စက် ထည့်ပေးခြင်းဖြင့် နှာခေါင်း သွေးယိုခြင်း၊ သက်သာပျောက်ကင်းစေသည်။
- သံပုရာစေ့ကို ရေနှင့် ကြိတ်၍ ဦးခေါင်းတွင် လိမ်းပေးပါက ဆံပင်ပြန်၍ ပေါက်စေသည်။
- သွေးတိုးရောဂါနှင့် အဆီကျစေရန်အတွက် သံပုရာသီးကို အလယ်မှ ထက်ခြမ်းခြမ်းပြီး ပန်းကန်တစ်လုံးတွင် ထည့်၍ ရေနွေးပွက်ပွက်ဆူလောင်းထည့်ပါ။ သောက်နိုင်ရုံ ခပ်နွေးနွေးကို တစ်နေ့တစ်ခါ သောက်ပေးခြင်းဖြင့် သက်သာစေသည်။