ကျောင်းအခြေပြု ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းနှင့် မကူးစက်သော ရောဂါများ ကာကွယ်ခြင်းလုပ်ငန်းဟူ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
(က) ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်း
အခြေခံပညာကျောင်းများတွင် ကူးစက်မြန်ရောဂါများ ပြန့်ပွားမှုမရှိစေရန် ကျောင်းသားများတွင် ကူးစက်ရောဂါတစ်ခုခုဖြစ်လျှင် (သို့မဟုတ်) ကူးစက်ရောဂါလက္ခဏာ တစ်ခုခုခံစားနေရလျှင် ကျန်းမာရေးဝန်ထမ်းများထံ အမြန်သတင်းပို့၍ စနစ်တကျ ဆေးကုသမှု ခံယူသင့်ပါသည်။
အခြေခံပညာကျောင်းများတွင် ကူးစက်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရာတွင် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ
၁။ အခြေခံပညာကျောင်းများတွင် ကူးစက်မြန်ရောဂါလက္ခဏာ အရိပ်အခြေရှိသော ကျောင်းသားများကို ကျောင်းကျန်းမာရေး တာဝန်ရှိ ဆရာဝန်၊ ဆရာမ (သို့မဟုတ်) နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများသို့ အကြောင်းကြား၍ အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။
၂။ ကျောင်းအုပ်ကြီးများသည် မိမိတို့၏ကျောင်းများတွင်
- ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေကောင်းရေသန့်ရရှိရေး၊ အိမ်သာနှင့် ရေမြောင်းများ သန့်ရှင်းရေး၊ အမှိုက်စနစ်တကျ သိုလှောင် စွန့်ပစ်ရေးတို့ကို ပိုမိုအလေးထားဆောင်ရွက်ရန်
- နံနက်တိုင်း အတန်းပိုင်ဆရာ၊ ဆရာမက ကျောင်းသားများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးစစ်ဆေးပေးရန်
- ကူးစက်ရောဂါဖြစ်ပွားနေချိန်နှင့် မည်သည့်အချိန်တွင်ဖြစ်စေ တပြိုင်နက်တည်း အစုလိုက် ကျောင်းပျက်သော ကျောင်းသားများ စာရင်းကို ကျောင်းအုပ်ကြီးများမှ ကျန်းမာရေးဌာနသို့ ပေးပို့၍ ကူးစက်ရောဂါ ဖြစ်ပွားနေမှု ရှိ / မရှိ စစ်ဆေးကြည့်ရှုရပါမည်။
(ခ) မကူးစက်သောရောဂါများ ကာကွယ်ရေးလုပ်ငန်း
ယခုအခါ မြန်မာနိုင်ငံတွင် လူနေမှုဘဝဟန်ပန်နှင့် အစားအသောက်ပုံစံများ ပြောင်းလဲလာသည့် အလျောက် သွေးတိုးရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် ကင်ဆာရောဂါစသည့် မကူးစက်သောရောဂါများ ဖြစ်ပွားမှုများပြားလျက်ရှိပါသည်။
ကျောင်းသား လူငယ်အရွယ်သည် ကူးစက်ရောဂါနှင့်မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်သော ကျန်းမာရေးနှင့် မညီညွတ်သော အမူအကျင့်များကို ရှောင်ကြဉ်တတ်၍ ကျန်းမာစွာနေထိုင်ပြုမူ စားသောက်တတ်စေရန် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေး သင့်သည့် အသက်အရွယ်ဖြစ်ပါသည်။
ကျောင်းသားများတွင် မကူးစက်သော ရောဂါများ ကာကွယ်နိုင်ရန်
(၁) ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးခြင်း (ဆေးလိပ်၊ စီးကရက်သောက်ခြင်း၊ ကွမ်းစားခြင်း)ကို အစမပြုမိ စေရန် ရှောင်ကြဉ်ပါ။
(၂) အရက်ဘီယာ သောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်ပါ။
(၃) ခွင့်မပြုဆိုးဆေး(သို့) ခွင့်ပြုဆိုးဆေးကို ခွင့်ပြုထားသည့် ပမာဏထက်ပို၍ အသုံးပြုထားသော အစားအသောက်၊ မုန့်ပဲသရေစာများ (အရောင်ဆိုးထားသော)၊ အကင်များ၊ ယမ်းစိမ်းပါဝင်သော အစားအစာများ၊ ပြန်ကြော်ဆီ၊ ရောဆီ၊ စားအုန်းဆီဖြင့် ကြော်ထား သော အစားအသောက်များ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
(၄) အချို၊ အဆီ၊ အဆိမ့်နှင့် အငန်ကို လွန်ကဲစွာစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
(၅) အသက်အရွယ်အလိုက် ရှိသင့်သည့် ကိုယ်အလေးချိန်ရှိနေစေရန် အသား၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတို့ကို မျှတစွာ စားသုံးတတ်စေရန်နှင့် နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုကို အနည်းဆုံး မိနစ်(၂၀)ခန့် ပုံမှန်ပြုလုပ်ပါ။
(ဂ) ထိခိုက်မှုအန္တရာယ်
၁။ လမ်းအန္တရာယ်ကာကွယ်နိုင်ရန် ယာဉ်သွားလမ်းမကြီးနှင့် ကျောင်းတံခါးဝများ တိုက်ရိုက်ဆက်သွယ်မနေသင့်ပါ။
၂၊ကျောင်းသားလူငယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာတတ်စေရန် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ပါ သင်ခန်းစာ များကို စနစ်တကျသင်ကြားပို့ချပေးခြင်း၊ ကျောင်းသားကျောင်းသူများအား အခါအားလျော်စွာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကော်မတီ များမှ သင်တန်းများပို့ချပေးခြင်းတို့ ပြုလုပ်သင့်ပါသည်။
၃။ရေစည်၊ ရေကန်များကို အဖုံး၊ အအုပ်ဖြင့် ဖုံးအုပ်ထားပါ။
၄။ကျောင်းအဆောက်အအုံ၊ တံခါး၊ လက်ရန်းများ၊ ဝရန်တာများ၊ လှေကားများ ဆောက်လုပ်ရာတွင် ငလျင်ဘေးအန္တရာယ်နှင့် ထိခိုက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ခိုင်ခန့်စွာ ဆောက်လုပ်ရန်နှင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည်။
၅။လျှပ်စစ်မီးကြိုးများ၊ မီးပလပ်များသည် ကျောင်းသားလူငယ်များ လက်လှမ်းမီသော နေရာများတွင် မရှိစေရ။
၆။ကျောင်းသားလူငယ်များကို ချွန်ထက်သော၊ ပေါက်ကွဲစေတတ်သော၊ ထိခိုက်အန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများ (ဥပမာ-ဓါး၊ မီးခြစ်) နှင့် ဆော့ကစားခြင်း၊ လမ်းမများပေါ်တွင် ဆော့ကစားခြင်း၊ သစ်ပင်ပေါ်တက်ကစားခြင်းတို့ကို မပြုစေရန်၊ အန္တရာယ်ကင်းစွာ ရွေးချယ် ဆော့ကစားတတ်စေရန် လမ်းညွှန်ပြသပေးသင့်ပါသည်။
၇။ကျောင်းသားလူငယ်များ ဘေးအန္တရာယ်ကင်းစွာ ဆော့ကစားနိုင်သော ကျောင်းအားကစားကွင်းများ စီစဉ်ပေးသင့်ပါသည်။
၈။ကျောင်းသားလူငယ်များ ထိခိုက်အန္တရာယ်တစ်ခုခု တွေ့ကြုံရပါက တာဝန်ရှိဆရာ၊ ဆရာမများက ရှေးဦးသူနာပြုစုရန်နှင့် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး သွားရောက် ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။