ဗီတာမင်အေ အာဟာရ
ဗီတာမင်အေသည် ကလေးများ ပုံမှန်ကြီးထွားဖွံ့ ဖြိုးရေးနှင့် ကျန်းမာကြံ့ခိုင်ရေး၊ မျက်စိကျန်းမာရေးနှင့် အမြင်အာရုံကောင်းမွန်ရေး အတွက်လည်း အရေးကြီးသော ဗီတာမင်တစ်မျိုးဖြစ်သည်။
အစားအစာမှ ဗီတာမင်အေ အလုံအလောက် မရရှိပါက ဗီတာမင်အေ ချို့တဲ့နိုင်ခြင်း
(၁) ကိုယ်ဝန်ဆောင် အမျိုးသမီးများ မလိုအပ်ဘဲ အစားရှောင်လျှင် ဗီတာမင်အေ အလုံအလောက် မရရှိနိုင်တော့ပေ။ ထိုမိခင်များမှ မွေးလာသည့်ကလေးများ ဗီတာမင်အေ ချို့တဲ့တတ်သည်။
(၂) နို့တိုက်မိခင်များ မလိုအပ်ဘဲ အစားရှောင်လျှင် ဗီတာမင်အေ အလုံအလောက် မရရှိနိုင်တော့ပေ။ ထိုမိခင်များ၏ နို့ကိုစို့ရသောကလေးများ ဗီတာမင်အေ ချို့တဲ့တတ်သည်။
(၃) ကလေးငယ်များကို ဗီတာမင်အေကြွယ်ဝသည့် အစားအစာများ လုံလောက်စွာ မကျွေးလျှင် ထိုကလေးများ၌ ဗီတာမင်အေ ချို့တဲ့ တတ်သည်။
ဗီတာမင်အေချို့တဲ့လျှင်
- ကလေးများ ပုံမှန်မကြီးထွား မဖွံ့ဖြိုးနိုင်ပါ။
- ကူးစက်ရောဂါအမျိုးမျိုးကြောင့် မကြာခဏဖျားနာတတ်သည်။
- ဖျားနာလျှင် နာတာရှည်တတ်သည်။ ပြင်းထန်တတ်သည်။
- ကြက်မျက်သင့်ရောဂါခံစားရတတ်သည်။
- မျက်ဖြူသားနှင့် မျက်ကြည်လွှာတို့ ခြောက်သွေ့ပြီး မတောက်ပြောင်တော့ပေ။
- မျက်ကြည်လွှာတွင် အနာဖြစ်နိုင်သည်။
- အနာပျောက်သော်လည်း အပြင်တိမ်စွဲနိုင်သည်။
- မျက်ကြည်လွှာပေါက်၍ မျက်စိကွယ်ခြင်းတို့ ဖြစ်တတ်သည်။
- အခြားရောဂါများဖြစ်ပွားပါက ရောဂါပြင်းထန်ပြီး အသက်အန္တရာယ် ကြုံတွေ့ရတတ်သည်။
ဗီတာမင်အေဓာတ် များများပါသည့် အစာများစားပါ။ ကျွေးပါ။
(၁) ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဗီတာမင်အေ ကြွယ်ဝသည့်အစာများကို လုံလောက်စွာ စားသုံးပါ။
(၂) မီးဖွားပြီး ပထမတစ်ရက် နှစ်ရက်တွင်ထွက်သည့် နို့ဦးရည်သည် ဗီတာမင်အေ အလွန်ကြွယ်ဝသည်။ ကလေးကို နို့ဦးရည် တိုက်ဖြစ်အောင် တိုက်ပါ။
(၃) ကလေးအသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါ။
(၄) အသက်(၆)လမှစ၍ ထမင်းခွံ့ သည့်အခါ ဗီတာမင်အေကြွယ်ဝသည့် အောက်ပါအစားအစာများကို အသက်အရွယ်အလိုက် ထည့်ကျွေးပါ။
- အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့အမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းရွက်များ၊ နီဝါရောင် သစ်သီးများ၊ အဝါရောင် သစ်သီးများ၊ အဝါရောင်နှင့် အနီရောင် သစ်ဥသစ်ဖုများ။
အင်အားဖြည့် ဗီတာမင်အေဆေးလုံး သောက်ပါ။ တိုက်ကျွေးပါ။
(၁) နို့တိုက်မိခင်တိုင်း မွေးဖွားပြီး တစ်လအတွင်း အင်အားပြည့် ဗီတာမင်အေ ယူနစ်နှစ်သိန်းပါ ဆေးလုံးတစ်လုံး တစ်ကြိမ်သောက်ပါ။
(၂) အသက် (၆)လမှ (၁၁)လအရွယ်အထိ ကလေးတိုင်းကို အင်အားပြည့် ဗီတာမင်အေ ယူနစ်တစ်သိန်းပါ ဆေးလုံးတစ်လုံး တစ်ကြိမ် တိုက်ကျွေးပါ။
(၃) အသက်(၁)နှစ်မှ (၅)နှစ်အတွင်း ကလေးတိုင်းကို အင်အားပြည့်ဗီတာမင်အေ ယူနစ်နှစ်သိန်းပါ ဆေးလုံးတစ်လုံး (၆)လ တစ်ကြိမ် တိုက်ကျွေးပါ။
(၄) ဝက်သက်ပေါက်သော ကလေးများ၊ လတ်တလောပြင်းထန် အာဟာရချို့တဲ့ပြီး ပိန်လှီ (သို့မဟုတ်) ဖောယောင်နေသော ကလေးများကို ဗီတာမင်အေ ဆေးလုံးတိုက်ပါ။ (ပထမနေ့တွင် တစ်လုံး၊ ဒုတိယနေ့တွင် တစ်လုံး၊ ၁၅ ရက်မြောက်နေ့တွင် တစ်လုံး တိုက်ပါ။)
ဗီတာမင်ဘီဝမ်း
ဗီတာမင်ဘီဝမ်း ချို့တဲ့မှုကြောင့် သူငယ်နာ (ဘယ်ရီဘယ်ရီ) ရောဂါဖြစ်နေသော ကလေးသည် အချိန်မီကုသမှု မခံရပါက သေဆုံးသွားနိုင်သည်။ ထိုကလေးအတွက် ဗီတာမင်ဘီဝမ်း ထိုးဆေးသည် အသက်ကယ်ဆေးဖြစ်ပါသည်။
ရောဂါဖြစ်ရခြင်းအကြောင်းရင်း
- နို့တိုက်မိခင် အစားရှောင်လွန်းခြင်း
- ဆန်ကို အလွန်ဖြူသည်အထိ ကြိတ်ခွဲစားသုံးခြင်း
- ဆန်ကို အထပ်ထပ်ဆေးကြောခြင်း၊ ထမင်းရည်ငဲ့ခြင်း
ဗီတာမင်ဘီဝမ်း ချို့တဲ့မှုကြောင့်ဖြစ်သည့် သူငယ်နာ (ဘယ်ရီဘယ်ရီ)ရောဂါ၏ လက္ခဏာများ
- မိခင်နို့စို့နေသည့် အသက်(၁)လမှ (၆)လအရွယ် ကလေးများတွင် အများဆုံး ဖြစ်တတ်ပါသည်။
- ကျန်းမာနေသော ကလေးသည် ရုတ်တရက်
- တအင်အင် အဆက်မပြတ် ငိုညည်းနေခြင်း
- ငိုညည်းနေရာမှ အသံတိမ်၍ ဝင်သွားခြင်း
- အသက်ရှူ ခက်ခဲလာခြင်း
- ပြာနှမ်းလာခြင်း
- အော့အန်ခြင်း
- မျက်ဖြူလန်ခြင်းတို့ ဖြစ်တတ်ပါသည်။
နို့စို့ ကလေးငယ်များတွင် ဗီတာမင်ဘီဝမ်းချို့တဲ့မှုကြောင့် သူငယ်နာ (ဘယ်ရီဘယ်ရီ) ရောဂါမဖြစ်စေရန်
- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖြစ်သည့် အစားအစာများ စုံလင်လုံလောက်အောင်စားပါ။အစားမရှောင်ပါနှင့်။
- အလွန်ဖြူအောင် ကြိတ်ခွဲထားသည့်ဆန်ကို မစားသင့်ပါ။
- ထမင်းချက်ရန် ဆန်ဆေးသည့်အခါ ဆန်ကိုရေနှင့် အထပ်ထပ် ပွတ်သပ်ဆေးကြောခြင်းမှ ရှောင်ကြဉ်ပါ။
- ထမင်းရည်မငဲ့ဘဲ ရေခန်းချက်စားသည့်အကျင့် ပြုလုပ်ပါ။ အကယ်၍ ထမင်းရေခန်း မချက်စားပါက မိသားစုဝင်အားလုံး ထမင်းရည်သောက်ပါ။
ဗီတာမင်ဘီဝမ်း ကြွယ်ဝသည့် အစားအစာများ
- ပဲအမျိုးမျိုး အဆီလွတ် ဝက်သား
- မောင်းထောင်းဆန် (ဆန်လုံးညို)
- လျော့ကြိတ်ဆန်
- ပြုတ်ဆန် (ပေါင်းဆန်၊ စပါးအခွံမချွတ်မီ ရေနွေးငွေ့ဖြင့် ပေါင်းထားသောဆန်)တို့သည် ဗီတာမင်ဘီဝမ်း ကြွယ်ဝသည့် အစားအစာများ ဖြစ်ကြပါသည်။
ဗီတာမင်ဘီဝမ်း ဆေးပြား
- ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန် (၉)လမှ မွေးဖွားပြီး (၃)လအထိ ဗီတာမင်ဘီဝမ်း ပါသည့်ဆေးပြားကို သတ်မှတ်ထားသော ပမာဏအတိုင်း နေ့စဉ်သောက်ပါ။
သံဓာတ်အာဟာရ
သံဓာတ်သည် အရေးကြီးသော သတ္တုအာဟာရဓာတ်တစ်မျိုးဖြစ်သည်။ သံဓာတ်ချို့တဲ့လျှင် သွေးအားနည်းရောဂါ ခံစားရမည်။
ကိုယ်ဝန်ဆောင်များ သွေးအားနည်းလျှင်
- ကိုယ်ဝန်ဆောင်နေစဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီး ကာလများအတွင်း အသက်အန္တရာယ် ကြုံတွေ့နိုင်သည်။
- လမစေ့၊ ပေါင်မပြည့်သောကလေး မွေးဖွားတတ်သည်။
ကလေးများ သွေးအားနည်းလျှင်
- ခန္ဓာကိုယ်ပုံမှန် မကြီးထွားနိုင်ပါ။
- ကျောင်းသင်ခန်းစာများတွင် အာရုံမစူးစိုက်နိုင်သဖြင့် ပညာရေးနှောင့်နှေးမည်။
- ရောဂါရလွယ်သည်။
ကလေး၊ လူကြီးမရွေး သွေးအားနည်းလျှင်
- အားအင်ချိနဲ့မည်။ ကျန်းမာရေးချို့တဲ့မည်။
- ရောဂါပြင်းထန်လျှင် နှလုံးရောဂါဖြစ်ခြင်း၊ ဖောရောင်ခြင်း၊ နှလုံးပျက်ယွင်းခြင်း ဖြစ်နိုင်ပါသည်။
သံဓာတ်ကြွယ်ဝသော အစာများ
- သံဓာတ်ချို့တဲ့သဖြင့် သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်ရန် သံဓာတ်အာဟာရကြွယ်ဝသော အစားအစာများကို နေ့စဉ်စားသုံးရန် လိုအပ်သည်။
- အသား၊ အသည်းနှင့် သွေးခဲတို့ သည် သံဓာတ် အထူးကြွယ်ဝသဖြင့် တတ်နိုင်သမျှစားသုံးသင့်သည်။
- ဟင်းနုနယ်ရွက်၊ မုန်ညင်းရွက်၊ ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ချဉ်ပေါင်ရွက် စသည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးသည် သံဓာတ် အတော်အတန်ကြွယ်ဝသဖြင့် နေ့စဉ် စားသုံးသင့်သည်။
- အသားဓါတ်နှင့် အချဉ်ဓာတ် (ဗီတာမင် စီ)သည် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးမှသံဓါတ်ကို အစာလမ်းကြောင်းမှ လွယ်ကူစွာ စုပ်ယူနိုင်အောင် ကူညီသည်။
ဆင်ခြင်သင့်သည့် စားသောက်နည်းများ
ထမင်းမစားမီ (၁)နာရီနှင့် ထမင်းစားပြီး(၂)နာရီအတွင်း လက်ဖက်ရည် အချို့သောက်ခြင်း၊ ရေနွေးကြမ်း ဖန်ဖန်သောက်ခြင်း၊ လက်ဖက်သုပ်စားခြင်းတို့သည် အစာလမ်းကြောင်းမှ သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။
သံဓာတ်ဆေးပြား
ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း သံဓာတ်ဆေးပြားကို ပထမအကြိမ် ကိုယ်ဝန်စပြချိန်မှစ၍ နေ့စဉ် သတ်မှတ်ထားသော ပမာဏအတိုင်း သောက်ပါ။ ပျိုဖော်ဝင်အမျိုးသမီးတိုင်း သံဓာတ်ဆေးပြားကို ကျန်းမာရေးဌာနမှ သတ်မှတ်ထားသော ပမာဏအတိုင်းသောက်ပါ။
အိုင်အိုဒင်းအာဟာရ
အိုင်အိုဒင်းသည် သံဓာတ်၊ ထုံးဓာတ်တို့ကဲ့သို့ပင် သတ္တုအာဟာရဓာတ်တစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ် ပုံမှန်ကြီးထွားရေး၊ ဦးနှောက် ဖွံ့ဖြိုး၍ ဉာဏ်ရည်ထက်မြက်ရေး၊ ခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးတို့အတွက် အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ စားသုံးကြရမည်။
ကိုယ်ဝန်ဆောင်မိခင် အိုင်အိုဒင်းအာဟာရချို့တဲ့လျှင်
- ကိုယ်ဝန်ပျက်ကျတတ်သည်။
- ကလေးအသေ မွေးတတ်သည်။
- လမစေ့၊ ပေါင်မပြည့်သောကလေး၊ ဆွံ့အနားမကြားသောကလေး၊ ဉာဏ်ရည်နိမ့်သောကလေး၊ ခြေလက်မသန်စွမ်းသောကလေး မွေးတတ်သည်။
ကလေးငယ်များ အိုင်အိုဒင်းအာဟာရ ချို့တဲ့လျှင်
- ခန္ဓာကိုယ် စံချိန်မီ မကြီးထွားနိုင်ဘဲ သေးကွေး ပုညှက်နေမည်။ ဉာဏ်ထိုင်းမည်။
- လည်ပင်းကြီးရောဂါဖြစ်မည်။ သွက်လက်ဖျတ်လတ်မှုမရှိ၊ ထုံထိုင်းနှေးကွေးမည်။
အိုင်အိုဒင်းဆား လူတိုင်းစား
- အိုင်အိုဒင်းအာဟာရကို လုံလောက်စွာရရှိရန် အိုင်အိုဒင်းဆားကို နေ့စဉ်စားသုံးရမည်။
သန္ဓေသားဘဝမှစ၍ သက်ကြီးရွယ်အိုဘဝအထိ အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ မှီဝဲကြရမည်။
သန်ကောင်ရောဂါ
ကလေးများတွင် သန်ကောင်ရောဂါစွဲကပ်လျှင် အာဟာရချို့တဲ့၍ ခန္ဓာကိုယ်ကြီးထွားမှုနှင့် သင်ယူနိုင်စွမ်း နှေးကွေးမည်။
သန်ကောင်ရောဂါ ကာကွယ်ရေး
- အစားအစာမပြင်ဆင်မီ၊ အစာမစားမီနှင့် အိမ်သာဝင်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပါ။
- သန့်ရှင်းသော အစားအစာများကို စားသုံးပါ။
- တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ပုံမှန်ဆောင်ရွက်ပါ။
- ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ်ဝန် (၃)လ နောက်ပိုင်းတွင် ကျန်းမာရေးဌာနမှ သတ်မှတ်ထားသော သန်ချဆေးဖြင့် အနည်းဆုံးတစ်ကြိမ် သန်ချပါ။
- အသက်(၂)နှစ်မှ (၉)နှစ်အထိ ကလေးတိုင်း (၆)လတစ်ကြိမ် ပုံမှန်သန်ချပါ။
- မြေကြီးပေါ်တွင်ဆော့ကစားပြီးတိုင်း လက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာဆေးကြောပါ။
- အပြင်ထွက်တိုင်းဖိနပ်စီးပါ။
ဘဝရှေ့ဆောင် ရက်တစ်ထောင်
သန္ဓေသားဘဝမှ အသက် (၂) နှစ်အတွင်း ဘဝအစ၏ ပထမရက်ပေါင်း (၁၀၀၀) ကာလတွင် အာဟာရဆိုင်ရာ ပံ့ပိုးဖြည့်ဆည်းမှုသည် ရေတို၊ ရေရှည် အကျိုးကျေးဇူးများကို ရရှိစေနိုင်၍ ထိုကလေး၏ ဘဝတစ်လျှောက်လုံးအတွက် အရေးအကြီးဆုံးနှင့် ထိရောက်မှုအရှိဆုံး လုပ်ဆောင်ချက်ဖြစ်ပါသည်။