ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၈) မကူးစက်နိုင်သ...
  5. ကာကွယ်နိုင်မည့် နည်းလမ်းများ

ကာကွယ်နိုင်မည့် နည်းလမ်းများ

(၁) ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးပါ။
  • ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော၊ အသင့်စားထုတ်ပိုးထားသော အစားအစာများကို လျှော့၍စားသုံးပါ။

> ချိုလွန်းသည့်အစားအစာများမှာ – အချိုရည်များ၊ သကြားနှင့်နို့ဆီပါသော အစားအစာများ၊ ထန်းလျက်၊ မလိုင်၊ ကြံသကာ စသည့် အစားအစာများ

> ငန်လွန်းသည့် အစားအစာများမှာ – ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်စသည့် အစားအစာများ နှင့် ဟင်းချိုမှုန့်

  • တိရစ္ဆာန်မှ ရသောအဆီများ (အမဲဆီ၊ ဝက်ဆီ) စားသုံးခြင်းမှရှောင်ကြဉ်ပါ။ စားအုန်းဆီကို အလွန်အကျွံမစားသုံးသင့်ပါ။
  • ကွမ်းစားခြင်းကို ရှောင်ကြဉ်ပါ။
  • အမျှင်ဓါတ်ပါသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားသုံးပေးပါ။

> ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဘူးရွက်နှင့် ဘူးသီး၊ ဟင်းနုနယ်ရွက်စသည့် ဟင်းသီးဟင်းရွက်များ

> ငှက်ပျောသီး၊ သင်္ဘောသီး၊ ဖရဲသီး၊ သရက်သီး၊ မာလကာသီး၊ စပျစ်သီးစသည့် သစ်သီးဝလံများ

(၂) ကိုယ်ကာယ လှုပ်ရှားမှု လေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ပါ။
  • တစ်နေ့လျှင် မိနစ်(၃၀) ၊ တစ်ပတ်လျှင် (၅)ရက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။(လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ အလေးမခြင်း၊ စက်ဘီးစီးခြင်း စသည့် မိမိလုပ်နိုင်သည့် လေ့ကျင့်ခန်းကို လုပ်နိုင်ပါသည်။)
  • သွက်လက်တက်ကြွစွာ နေထိုင်ပါ။
  • အထိုင်များခြင်း လှုပ်ရှားမှုနည်းခြင်းကို ရှောင်ကြဉ်ပါ။
  • တီဗီ၊ တီဗီဂိမ်းရှေ့တွင် ကြာရှည်စွာထိုင်ခြင်းနှင့် ကွန်ပျူတာ၊ အင်တာနက် ဆက်တိုက်ကြာရှည်စွာ အသုံးပြုခြင်းများ ရှောင်ကြဉ်ပါ။
(၃) ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုကို ရှောင်ကြဉ်ပါ။
  • ကိုယ်တိုင်ဆေးလိပ်သောက်ခြင်းနှင့် သူတစ်ပါးဆေးလိပ်ငွေ့ ရှူခြင်းကို ရှောင်ကြဉ်ပါ။
  • ဆေးရွက်ကြီးနှင့် နှပ်ဆေးအမျိုးမျိုး ပါဝင်သော ကွမ်းစားခြင်းကို ရှောင်ကြဉ်ပါ။
  • ဆေးငုံခြင်းကို ရှောင်ကြဉ်ပါ။
(၄) အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဉ်ပါ။
(၅) ကိုယ်ခန္ဓာ ရှိသင့်သည်ထက် ပိုဝမလာအောင် ထိန်းသိမ်းပါ။
  • မိမိအရပ်အလိုက် ရှိသင့်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ရန်နှင့်
  • ကိုယ်အလေးချိန်များလာလျှင် လျှော့ချရန် ကြိုးစားပါ။
(၆) ရေလုံလောက်စွာ သောက်ပါ။

လူတစ်ယောက်သည် ရေကို တစ်နေ့လျှင်ရေဖန်ခွက် (၈)ခွက် (သို့) (၂)လီတာ ခန့်သောက်သုံးရန် လိုအပ်ပါသည်။

(၇) စိတ်သောကများကို လျှော့နိုင်အောင်ကြိုးစားနေထိုင်ပါ။
  • အပြုသဘောဖြင့် အရာရာကို အကောင်းမြင်နိုင်အောင် ကြိုးစားပါ။
  • အပြုံးဖြင့် လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်အောင် ကြိုးစားပါ။
  • မကူးစက်နိုင်သောရောဂါများအား ကာကွယ်ရန် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှအလေ့အထများကို လိုက်နာကျင့်သုံးသင့်ပါသည်။
  • အသက်(၄၀)ကျော်သူများအနေဖြင့် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါများ ဖြစ်ပွားနေမှု ရှိ/မရှိ ပုံမှန် စစ်ဆေးသင့်ပါသည်။
  • ရောဂါဖြစ်ပွားမှုကို သိရှိပါက ကျန်းမာရေးဝန်ထမ်းနှင့် ဆောလျင်စွာ ပြသ၍ ပုံမှန်စစ်ဆေးကုသမှု ခံယူသင့်ပါသည်။