ကျန်းမာရေးနှင့်ညီညွတ်သည့် ယင်လုံအိမ်သာဆိုသည်မှာ လူ့မစင် အညစ်အကြေးများအား ရေ၊ မြေ၊ လေ၊ ပိုးမွှား၊ တိရိစ္ဆာန်တို့ကြောင့် လူတို့ထံ ပြန်လည်မရောက်ရှိစေရန် စနစ်တကျ စွန့်ပစ်သိုလှောင် ဖုံးအုပ်ထားရှိ အသုံးပြုသောအိမ်သာမျိုးဖြစ်သည်။
ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံအိမ်သာတစ်လုံးတွင် ပါဝင်သင့်သည့်အစိတ်အပိုင်းများ
၁။ အိမ်သာအဆောက်အဦး
လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းစွာရရှိရမည်။ သုံးစွဲသူ သက်သောင့်သက်သာရှိရပါမည်။ တတ်နိုင်ပါက အခိုင်အခန့် ဆောက်နိုင်ပါသည်။ ဒေသထွက်ပစ္စည်းနှင့်လည်း ဆောက်နိုင်ပါသည်။ အရှက်လုံရပါမည်။
၂။ အိမ်သာခွက်
ဘိုထိုင်အိုး၊ အိမ်သာကြွေခွက်၊ ပလတ်စတစ်အိမ်သာခွက်များကို သုံးစွဲရပါမည်။
၃။အိမ်သာခွက်အဖုံး
အိမ်သာခွက်မျက်နှာပြင်အား ယင်မနားစေရန်နှင့် အိမ်သာကျင်းအတွင်း ယင်မဝင်စေရန် အိမ်သာခွက် အဖုံးသည် အံကျဖြစ်နေရမည်။ အဖုံး၏ လက်ကိုင်အရိုးသည် နှစ်တောင်(သုံးပေ) ခန့်ရှိရမည်။ အိမ်သာတက်ပြီးတိုင်း ပြန်လည်ဖုံးအုပ်ထားရန် လိုပါသည်။
၄။ အိမ်သာကျင်း
မိသားစုသုံးအိမ်သာအတွက် ၅ နှစ်ခန့်အသုံးပြုနိုင်စေရန် လူကြီးလက်ခုတ်တစ်ဖောင်ကျော် (၈ ပေ)ခန့်၊ အချင်း နှစ်တောင် (၃ ပေ) ခန့် တူးရပါမည်။ မြေအောက်ရေနီးပါက အနက်ကို ရေကြောနှင့် ခွာ၍ လျှော့တူးနိုင်ပါသည်။ မြေမာလွန်း၍ အနက်မတူးနိုင်ပါက ကျင်းခပ်ကျယ်ကျယ် အလျားလိုက် တူးနိုင်သည်။ အနက် (၄ ပေ)ခန့်ရှိသင့်ပါသည်။
၅။ အိမ်သာကျင်းအကာအရံ
နှစ်ထပ်ကျင်းဝါးခွေကို သုံးနိုင်ပါသည်။ အတွင်းဝါးခွေသည် အချင်း နှစ်တောင်(၃ ပေ)ရှိ၍ အမြင့်မှာ မြေကျင်းအောက်ခြေမှ မြေပြင် အထက် အမြင့် တစ်တောင်ကျော် (ရေလွှမ်းသောဒေသများတွင် အမြင့်ဆုံးရေပြင်၏ အထက်တစ်တောင်ခန့်) ရှိရပါမည်။ အပြင်ဝါးခွေမှာ မြေပြင်အောက်အနက် နှစ်ပေခန့်နှင့် မြေပြင်အထက်အမြင့် တစ်တောင်ကျော် (ရေလွှမ်းသောဒေသများတွင် အမြင့်ဆုံး ရေပြင်၏ အထက် တစ်တောင်ခန့်) ရှိရပါမည်။ ဝါးခွေနှစ်ခွေကြားတွင် ဖို့မြေအား သိပ်နေအောင် ဖြည့်ပေးရပါမည်။ ဝါးကူသရွတ် ကွန်ကရစ်ခွေကို လည်းကောင်း၊ ရေတွင်းကာ ကွန်ကရစ်ခွေကိုလည်းကောင်း တတ်နိုင်သလို အသုံးပြုနိုင်ပါသည်။
၆။ ဖို့ မြေနှင့် အိမ်သာကျင်းအဖုံး
ဝါးခွေနှစ်ထပ်ကာရံထားသော အိမ်သာကျင်းအတွက် အဆိုပါ ဝါးခွေနှစ်ထပ်ပေါ်တွင် သစ် / ဝါးလုံးတန်းများကို ခိုင်မြဲ၍ စိနေအောင် ချည်နှောင်ပါ။ အထက်မှပလတ်စတစ်စ(သို့) ပီနံအိတ်ခွံဖြင့် လုံခြုံအောင် ဖုံးအုပ်ပါ။ ထို့နောက်မြေကြီးကို အထက်မှအောက်သို့ လျှာစောင်းဖြစ်အောင် ပို့ရပါမည်။ ဝါးကူသရွတ်ကျံကွန်ကရစ်ခွေနှင့် ရေတွင်းကာကွန်ကရစ်ခွေတို့အတွက် ကွန်ကရစ်ဖြင့် အဖုံးပြုလုပ်၍ ဖုံးအုပ်ရပါမည်။
မြေဆွေးကျင်းအိမ်သာ
- မစင်စွန့်ပစ်ပြီးတိုင်း မြေကြီး (သို့မဟုတ်) ပြာဖြင့် လုံအောင် ဖုံးအုပ်ရပါမည်။
- ဤသို့တစ်လွှာစီ ဖုံးအုပ်ပြီး ၁ဝ လမှ ၁၂လအကြာတွင် မြေဆွေးအဖြစ် အသုံးပြုနိုင်ပါသည်။
ရေလောင်းအိမ်သာ
ရေရရှိသောနေရာများအတွက် သင့်လျော်ပါသည်။
- သို့သော် သန့်ရှင်းရေးမှန်မှန်ပြုလုပ်ရန် လိုအပ်ပါသည်။
- ရေများများသုံးနိုင်လေလေ အနံ့သက်သာလေဖြစ်ပါသည်။
ရေသိုးကန်(Septic Tank) အိမ်သာ
ဤအိမ်သာမျိုးသည် မိလ္လာရေတွင်ပါဝင်သော ညစ်ညမ်းသည့် အရာဝတ္ထုများအား အနည်ထိုင်စေရန် လေမလိုသော ဗက်တီးရီးယားများမှ ချေဖျက်စေရန်နှင့် အနည်ရည်များ သိုလှောင်ရန်တို့အတွက် ရေလုံ၊ လေလုံကန် (အုတ်၊ ကွန်ကရစ်)တစ်ခုနှင့် အရည်စစ်ကန်တစ်ခုတို့ ပါရှိ ပါသည်။
အထူးသတိပြုရန်မှာ- အနှစ်ရည်များ မိလ္လာအဝင်ပိုက်အောက် ကန်အနက်၏ သုံးပုံတစ်ပုံခန့်ရှိလာလျှင် စုပ်ထုတ်၍ စနစ်တကျ စွန့်ပစ်ရန် လိုအပ်ပါသည်။
အကောင်းဆုံးအိမ်သာသည်
- ယင်လုံရမည်။
- အနံ့လုံရမည်။
- အရှက်လုံရမည်။
- သန့်ရှင်းရမည်။
- မစင်မှရောဂါမပြန့်ပွားစေရန် တားဆီးနိုင်ရမည်။
ဆောက်လုပ်ပြီး အိမ်သာ တာရှည်သုံးစွဲနိုင်ရန် မိသားစုတိုင်းတွင် တာဝန်ရှိပါသည်။
- မသုံးစွဲမီ ရေအနည်းငယ်လောင်းချပါ။
- သုံးပြီးလျှင် ရေဖြင့်သန့်ရှင်းအောင် ဆေးချပါ။ (ရေဇလုပ်မပါသော ပလတ်စတစ် အိမ်သာခွက်ဖြစ်ပါက အသုံးပြုပြီး ပြန်လည်ဖုံးအုပ်ပါ။)
- အိမ်သာကျင်းအပေါ် ရေများ စီးကျမှုမရှိအောင် ဆောင်ရွက်ထားပါ။
- အိမ်သာကျင်းပေါ် တိရိစ္ဆာန်များ မနင်းမိအောင် ကာကွယ်ပေးပါ။
ယင်လုံအိမ်သာ သုံးစွဲပါက
- ယင်ကောင်နှင့် မစင်ထိတွေ့နိုင်ခြင်း မရှိတော့ပါ။
- မစင်မှရောဂါပိုးများ ယင်ကောင်တွင်ကပ်ပါလာကာ ယင်နားသောအစာထဲသို့ဝင်ရောက်နိုင်ခြင်း မရှိတော့ပါ။ အိမ်သာတွင်းထဲတွင် ယင်ပေါက်ပွားနိုင်ခြင်း မရှိတော့ပါ။
- ယင်လုံသည်နှင့်အမျှ အနံ့လည်း လုံသွားမည်ဖြစ်ပါသည်။
- မစင်အညစ်အကြေးများကို မမြင်ရတော့သဖြင့် စိတ်ချမ်းသာရပါသည်။