ဘာကြောင့်လက်ကို စင်ကြယ်အောင် ဆေးသင့်သလဲ။
လက်တွင်ကပ်ပါလာနိုင်သည့် မစင်အညစ်အကြေးအနည်းငယ် (တစ်ဂရမ်) တွင်ပင် လူတို့ကို ရောဂါဖြစ်၍ သေစေနိုင်သော
- ဗိုင်းရပ်စ်ရောဂါပိုး – ၁၀ သန်းခန့်
- ဘက်တီးရီးယားရောဂါပိုးပေါင်း ၁ သန်းခန့်
- ကပ်ပါးရောဂါပိုးပေါင်း (ဥပမာ – သန်ကောင်၊ ဝမ်းကိုက်ပိုး) – ၁ဝဝဝ ခန့်
- ကပ်ပါးရောဂါပိုးဥပေါင်း (ဥပမာ – သန်ဥ) – ၁ဝဝ ခန့် ပါဝင်နေပါသည်။
ကလေးမစင်သည်လည်း လူကြီးမစင်နည်းတူ ရောဂါပိုးများပါဝင်နေပါသည်။ လက်တွင်သာမက ငွေစက္ကူ၊ တံခါးလက်ကိုင်၊ တယ်လီဖုန်းဟန်းဆက်နှင့် ပန်းကန်ခွက်ယောက်များတွင်ပင် လူ့မစင်မှ ရောဂါပိုးများစွာ ကပ်ငြိနေနိုင်ပါသည်။ ထိုပိုးများကြောင့် မိမိကိုယ်တိုင် ရောဂါကူးစက်ခံရနိုင်သကဲ့သို့ မိမိကြောင့် သူတစ်ပါးကိုလည်း ရောဂါရရှိစေနိုင်ပါသည်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားစသော ရောဂါပိုးများ ထိတွေ့ထားသောလက်ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများဝန်းကျင်ကို ထိမိကိုင်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် မျက်စိနာခြင်း စသောရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။ အထူးသဖြင့် အစားအစာချက်ပြုတ် ပြင်ဆင်သူ အိမ်ရှင်မအများစုနှင့် အစားအသောက် ရောင်းချသူများသည် လက်မသန့်ရှင်းမှုကြောင့် လူထောင်ပေါင်းများစွာ ရောဂါရပြီး ကပ်ရောဂါအသွင်ကူးစက်ကာ သေဆုံးနိုင်ကြောင်း သတိပြုသင့်ပါသည်။
လက်ကို စင်အောင်ဆေးလျှင် ဘယ်လိုအကျိုးရှိမလဲ။
- အစာနှင့် ရေထဲသို့ ရောဂါပိုးများဝင်ရောက်မှုမှ ကာကွယ်ပေးသည်။
- အလွယ်ကူဆုံးနှင့် စရိတ်အသက်သာဆုံးနည်းလမ်းဖြစ်သည်။
- ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ဖြစ်ပွားမှုမှ လျှော့ချနိုင်သည်။
လက်ဆေးနည်း
- လက်ကို ဆပ်ပြာနှင့် ရေသုံးစွဲ၍ သေချာစွာ ပွတ်တိုက်ဆေးပါ။
- လက်ဖဝါး၊ လက်ဖမိုး၊ လက်သည်းကြား၊ လက်မ၊ လက်ကောက်ဝတ်တို့ကို ဆပ်ပြာဖြင့် သေချာစွာ ပွတ်တိုက်ဆေးပါ။
- သုံးရေသန့်ဖြင့် လက်ကို လောင်း၍ ဆေးပါ။
မှတ်သားရန်မှာ
- လက်ကို ရေဇလုံထဲမှာ နှစ်၍ မဆေးပါနှင့်။
- တစ်ယောက်လက်ဆေးထားပြီးသော ရေဖြင့် နောက်တစ်ယောက် ထပ်မဆေးပါနှင့်။
လက်ကို စင်အောင်ဆေးခြင်းဆိုသည်မှာ လက်ကို ဆပ်ပြာ (သို့မဟုတ် ဆပ်ပြာအစားထိုးပစ္စည်း) နှင့် သုံးရေသန့်ဖြင့် ပွတ်တိုက်၍ စင်ကြယ်အောင် ဆေးခြင်းကို ဆိုလိုပါသည်။
လက်ဆေးသင့်သည့်အချိန်
- အစာ မစားခင်နှင့် စားပြီးချိန်တွင် လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးပါ။
- အစားအစာမကိုင်တွယ်မီနှင့် မချက်ပြုတ်မီ လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးပါ။
- အိမ်သာအထွက် လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးပါ။
- ကလေးအညစ်အကြေး၊ အခြားသောအညစ်အကြေးနှင့် အမှိုက်သရိုက်များ ကိုင်တွယ်ပြီး လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးပါ။
အိမ်သာထဲနှင့် ရှေ့ဘက်အနီးအနားတွင် လက်ဆေးဖို့ ဆပ်ပြာနှင့်ရေအမြဲရှိရန်လို၏။ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
“ သန့်ရှင်းသောလက် ဆေးတစ်ခွက် ”
ကိုယ်တိုင်လက်ကို ဆပ်ပြာနှင့်ဆေးဖို့ သတိအမြဲရှိပါ။ သူတစ်ပါးအား လက်ကို စင်အောင်ဆေးရန် သတိပေးခြင်းဖြင့် ကုသိုလ်ယူပါ။လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောရန် အမြဲသတိရှိပါ။