အလှကုန်ပစ္စည်း အဓိပ္ပါယ်ဖွင့်ဆိုချက်
- “အလှကုန်ပစ္စည်း ́ဆိုသည်မှာ လူတို့၏ မျက်နှာ၊ နှုတ်ခမ်း၊ ဆံပင်၊ အမွှေးအမျှင်၊ လက်သည်း ခြေသည်း၊ အရေပြား၊ ပြင်ပလိင်အင်္ဂါ၊
- သွားနှင့် ခံတွင်းတို့တွင် အသုံးပြုရန်ဖြစ်ပြီး အဓိကအားဖြင့် ၄င်းတို့ကို သန့်ရှင်းစင်ကြယ်စေခြင်း၊ မွှေးကြိုင်စေခြင်း၊ ရုပ်အဆင်း အသွင်အပြင် ပြောင်းလဲစေခြင်း၊ ခန္ဓာကိုယ် အနံ့အသက် ပြုပြင်စေခြင်း၊ ကောင်းမွန်သည့်အခြေအနေတွင် ထိန်းသိမ်းထားရှိခြင်း သို့မဟုတ် မပျက်စီးရန်ကာကွယ်ခြင်းတို့ကို ဖြစ်စေသည့် အရာဝတ္ထုပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ ဖော်စပ်ထားသော အရာဝတ္ထုပစ္စည်းကိုဖြစ်စေ ဆိုသည်။
အလှကုန်ပစ္စည်းများကို ကြီးကြပ်ကွပ်ကဲရခြင်း၏ ရည်ရွယ်ချက်များ
၁။ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းသော၊ အရည်အသွေးကောင်းမွန်သော၊ အကျိုးအာနိသင်ရှိသော အလှကုန်ပစ္စည်းများကို သုံးစွဲနိုင်စေရန်။
၂။ အာဆီယံ အလှကုန်ပစ္စည်းဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်အညီ အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ် နိုင်စေရန်။
အလှကုန်ပစ္စည်းဝယ်ယူရာတွင် သတိပြုရန် အချက်အလက်များ
အလှကုန်ပစ္စည်းများ၏ အညွှန်းအမှတ်အသားဖော်ပြချက် (Label)တွင် ပါရှိသော အထူးသတိပြုရမည့် အချက်များ၊ ရှောင်ရန် အခြေအနေများနှင့် အသေးစိတ်ဖော်ပြချက်များကို သေချာစွာဖတ်ရှု၍ ဝယ်ယူသင့်ပါသည်။
အလှကုန်သုံးစွဲသူများ သတိပြုရန် အချက်အလက်များ
၁။ အလှကုန်ပစ္စည်း အမှတ်တံဆိပ်ပေါ်ရှိ ဖော်ပြချက်များနှင့် သတိပေးချက်များကို သေချာစွာဖတ်ရှုပြီး တိကျစွာ လိုက်နာအသုံးပြုရန်။
၂။ အလှကုန်ပစ္စည်းများကို ရည်ရွယ်သတ်မှတ်ထားသော အသုံးပြုပုံမှလွဲ၍ အခြားနည်းလမ်းများဖြင့် သုံးစွဲခြင်းမပြုရန်နှင့် သုံးစွဲပုံ အညွှန်းအတိုင်း တိကျစွာလိုက်နာ အသုံးပြုရန်။
၃။ အလှကုန်ပစ္စည်းများကို အမှတ်တံဆိပ်ပေါ်တွင် ရိုက်နှိပ်ဖော်ပြထားသော သက်တမ်းကုန်ဆုံးရက် မကျော်လွန်မီသာ သုံးစွဲကြရန်။
၄။ ပုံမှန်မဟုတ်သော အရောင်၊ အနံ့များ ပြောင်းလဲနေသည့် အလှကုန်များကို သုံးစွဲခြင်း မပြုကြရန်။
၅။ အလှကုန်ပစ္စည်းများ၌ မိမိနှင့် ဓာတ်မတည့်သည့်ပစ္စည်းများ ပါဝင်မှု ရှိ/မရှိ အညွှန်းဖော်ပြချက်(Label)တွင် သေချာစွာ စိစစ်ဖတ်ရှုရန်။ မသေချာပါက အလှကုန်ပစ္စည်းကို နားရွက်နောက် (သို့) လက်ဖျံအတွင်းသား၏ အရေပြားအပေါ် အနည်းငယ်တင်၍ စမ်းသပ်ကြည့်ရန်။ (၂၄)နာရီကြာမြင့်သည်အထိ ဓာတ်မတည့်မှု ဖြစ်ပေါ်ခြင်းမရှိပါက ထိုအလှကုန်ကို ယေဘုယျအားဖြင့် အန္တရာယ်မရှိဟု ယူဆနိုင်သည်။
၆။ အလှကုန်ပစ္စည်းများကို သန့်ရှင်းသောလက် (သို့) သုတ်လိမ်းခြယ်မှုန်းတံများဖြင့်သာ အသုံးပြုရန်။ အသုံးမပြုမီ သုတ်လိမ်းခြယ်မှုန်းတံ များကို ဆပ်ပြာ၊ ရေတို့ဖြင့် သေချာစွာဆေးကြော၍ အခြောက်ခံထားရန်။
၇။ အလှကုန်ပစ္စည်းများကို ယားယံနာကျင်နေသော၊ ထိခိုက်ဒဏ်ရာရထားသော အရေပြားများပေါ်၌ အသုံးမပြုရန်။
၈။ အခြားသူများထံမှ ဘတ်တီးရီးယားပိုးမွှားများ ကူးစက်နိုင်သဖြင့် အလှကုန်ပစ္စည်းများကို အခြားသူများနှင့် စပ်တူရောနှော သုံးစွဲခြင်း မပြုရန်။
၉။ ခမ်းခြောက်သွားသော အလှကုန်ပစ္စည်းများကို ရေ၊ တံတွေး စသည်တို့နှင့် တဖန်ပြန်၍ရောကာ သုံးစွဲခြင်းမပြုရန်။ ထိုသို့ပြုပါက ရေငွေ့ စိုထိုင်းမှုကြောင့် ဘက်တီးရီးယားပိုးမွှားများ လျှင်မြန်စွာ ပေါက်ပွားလာကာ အလှကုန်အား ညစ်ညမ်းသွားစေနိုင်သည်။
၁၀။ အလှကုန်ပစ္စည်း၌ ဖော်ပြထားသော Label တွင် မိမိဖတ်ရှုနားလည်နိုင်သည့် ဘာသာစကားဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်း များကိုသာ သုံးစွဲသင့်သည်။
အစားအသောက်နှင့် ဆေးဝါး ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာသိကောင်းစရာများ
တားမြစ်ဓါတုပစ္စည်းများ နှင့် ဆိုးကျိုးများ
ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေသော အများဆုံးတွေ့ရသည့် တားမြစ်ဓါတုပစ္စည်းများမှာ
၁။ ဟိုက်ဒရိုကွီနုန်း (Hydroquinone)
၂။ ရက်တီနိုးအစ်အက်စစ် (Retinoic Acid)
၃။ မာကျူရီ (Mercury)
၄။ စတီးရွိုက် (Steroid)
၅။ ခဲ (Lead)
၆။ တားမြစ်ဆိုးဆေး (Rhodamine B, CI 15585)တို့ဖြစ်ကြပါသည်။
မည်သူမဆို အလှကုန် ပစ္စည်း သုံးစွဲခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများကို ခံစားရကြောင်းသေချာပါက FDA website တွင် ဖော်ပြထားသော Cosmetic Adverse Event Report Form ကို ပြည့်စုံစွာ ဖြည့်စွက်၍ သတင်းပေးပို့နိုင်ပါသည်။
- အရေပြားယားယံ၊ ရောင်ရမ်းခြင်း၊
- အဖြူကွက်၊ အနီကွက်များ ဖြစ်ခြင်း၊
- အရေပြား ခြောက်သွေ့ခြင်း၊
- အဖုအပိမ့်များစွာ ထွက်ပေါ်ခြင်း
- အရေပြားစား / လောင်ခြင်း၊
- အရေပြားကင်ဆာ ဖြစ်ပွားခြင်း၊
- အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍
- ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခေါင်းကိုက်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း
- ကျောက်ကပ်ပျက်စီးခြင်း။
အထက်ပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရပါက သုံးစွဲခြင်းအား ချက်ခြင်းရပ်တန့်၍ တတ်ကျွမ်းနားလည်သည့် အရေပြားအထူးကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ဆေးကုသမှု ခံယူသင့်ပါသည်။