ဂျပန်ဦးနှောက်ရောင်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပါသည်။ ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေပြီး ပြင်းထန်သောနောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။
ရောဂါလက္ခဏာများ
ရောဂါကူးစက်ခံရသူ အများစုသည် ရောဂါလက္ခဏာများ မပြကြပါ။ ပျမ်းမျှအားဖြင့် ရောဂါပိုးကူးစက်ခံရသူ (၂၅၀) တွင် (၁)ဦးသာ ရောဂါ လက္ခဏာများ ရှိကြပါသည်။
ကနဦးလက္ခဏာများ
- ရုတ်တရက်အဖျားကြီးခြင်း
- ခေါင်းကိုက်ခြင်း
- မောပန်းပြီးနုံးခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- ရောဂါဖြစ်ပွားစတွင် ကလေးများသည် ဗိုက်နာခြင်းကို ထင်ရှားစွာ ခံစားကြရပါသည်။
နောက်ဆက်တွဲလက္ခဏာများ
- လည်ပင်းတောင့်တင်းခြင်း
- စိတ်ရှုပ်ထွေးခြင်း
- သတိလစ်ခြင်း
- မူးဝေအိပ်ငိုက်ခြင်း
- လှုပ်ရှားမှုမမှန်ခြင်း
- တက်ခြင်း စသည်တို့ဖြစ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ အသက် (၁၀)နှစ်အောက်ကလေးငယ်များတွင် ပြင်းထန်သောရောဂါဖြစ်ပွားမှု များပြားပြီး သေဆုံးမှုနှုန်းများပါသည်။
ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ (၁ဝဝ)ဦး တွင် (၂၀) ဦး မှ (၃ဝ)ဦး အထိ အသက်သေဆုံးနိုင်ပါသည်။ အသက်ရှင်ကျန်ရစ်သူများမှ ထက်ဝက်နီးပါးခန့်တွင် အကြောသေခြင်းနှင့် ဦးနှောက်ပျက်စီးခြင်းများ ဖြစ်စေနိုင်ပါသည်။
ရောဂါကူးစက်ပုံ
- ဂျပန်ဦးနှောက်ရောင်ရောဂါပိုးသည် ငှက်များနှင့် အိမ်မွေးတိရစ္ဆာန်များ၊ အထူးသဖြင့် ရေတိမ်တွင်ကျက်စားသော ခြေတံရှည်ငှက်များ၊ ဝက်များသည် ရောဂါပိုးသိုလှောင်ရာဌာန ဖြစ်သည်။
- ရောဂါပိုး သယ်ဆောင်သော ခြင်များမှတဆင့် ကူးစက်ပျံ့နှံ့သည်။
- ဆည်မြောင်းရေသွင်း စိုက်ပျိုးသောနေရာများတွင် ခြင်ပေါက်ပွားသောကြောင့် တစ်နှစ်ပတ်လုံး ကူးစက်ဖြစ်ပွားနိုင်သည်။ သို့သော် မိုးရာသီ ကာလတွင် အများဆုံး ဖြစ်ပွားတတ်သည်။
- ကျေးလက်နေလူထုများ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးသူများတွင် ဖြစ်ပွားမှုများပြားသည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
- ကာကွယ်ဆေးထိုးခြင်းသည် တစ်ခုတည်းသော အရေးပါဆုံး ကာကွယ်ရေးနည်းလမ်း ဖြစ်ပါသည်။
- ဂျပန်ဦးနှောက်ရောင်ရောဂါပိုး သယ်ဆောင်သောခြင်များသည် ညနေစောင်း နေဝင်ရီတရောတွင် ကိုက်လေ့ရှိသောကြောင့် ကလေးများကို ခြင်ထောင်ဖြင့် အိပ်စေခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။
ကာကွယ်ဆေးထိုးသင့်သူများ
• ရောဂါကူးစက်ဖြစ်ပွားလွယ်သည့်နေရာများသို့ ခရီးသွားမည့်သူများသည် ခရီးမထွက်မီ (၁)လအလို ကြိုတင်ကာကွယ်ဆေး ထိုးနှံသင့် ပါသည်။ ကာလရှည်ခရီးထွက်သူများ၊ မကြာခဏခရီးသွားသူများ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကပ်အသွင်ဖြစ်ပွားနေသည့် နိုင်ငံများကို ခရီးသွားသူများနှင့် ကျေးရွာကို လည်ပတ်သူများမှာ အဓိက ထိုးနှံသင့်ပါသည်။
• အသက် (၉)လအရွယ်မှစ၍ လူကြီးများ၊ လူငယ်များအားလုံး ကြိုတင်ကာကွယ်ဆေး ထိုးနှံနိုင်ပါသည်။
၂၀၁၈ ခုနှစ်မှ စတင်၍ အသက် (၉) လအရွယ် ကလေးများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည် ဖြစ်ပါသည်။ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ကလေး၏ ဘယ်ဘက်လက်မောင်းအပေါ်ပိုင်း အရေပြားအောက်သို့ ထိုးနှံပေးပါသည်။