ဂျပန်ဦးနှောက်ရောင်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပါသည်။ ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေပြီး ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။
ဂျပန်ဦးနှောက်ရောင်ရောဂါ ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ပြန့်ပွားပုံ
ဝက်နှင့်ရေတွင်ကျက်စားသည့် တောငှက်ရိုင်းများတွင် ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်(စ်)ပိုးများ ခိုအောင်းပေါက်ပွားပါသည်။ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်(စ်)ပိုးပါသည့် ကျူးလက်(စ်) ခြင်ကိုက်ခံရခြင်းမှတဆင့် လူများအား ရောဂါကူးစက်ပြန့်ပွားနိုင်ပါသည်။ လူတစ်ယောက်မှ တစ်ယောက်သို့ မကူးစက်နိုင်ပါ။
ဂျပန်ဦးနှောက်ရောင် ရောဂါလက္ခဏာများ
ရောဂါကူးစက်ခံရသူအများစုသည် ရောဂါလက္ခဏာများ မပြုကြပါ။ ပျမ်းမျှအားဖြင့် ရောဂါပိုးကူးစက်ခံရသူ (၂၅၀) တွင် (၁)ဦးသာ ရောဂါ လက္ခဏာများ ရှိကြပါသည်။
ကနဦးလက္ခဏာများ
- ရုတ်တရက်အဖျားကြီးခြင်း
- ပျို့ခြင်း
- ခေါင်းကိုက်ခြင်း
- မောပန်းပြီးနုံးခြင်း
- အန်ခြင်း
ရောဂါဖြစ်ပွားစတွင် ကလေးများသည် ဗိုက်နာခြင်းလက္ခဏာများကို ထင်ရှားစွာ ခံစားကြရပါသည်။
နောက်ဆက်တွဲလက္ခဏာများ
- လည်ပင်းတောင့်တင်းခြင်း
- စိတ်ရှုပ်ထွေးခြင်း
- သတိလစ်ခြင်း
- မူးဝေအိပ်ငိုက်ခြင်း
- လှုပ်ရှားမှုမမှန်ခြင်းနှင့်
- တက်ခြင်း စသည်တို့
ဖြစ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ အသက် (၁၀)နှစ်အောက်ကလေးငယ်များတွင် ပြင်းထန်သောရောဂါဖြစ်ပွားမှု များပြားပြီး သေဆုံးမှုနှုန်း များပါသည်။
ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ (၂၀) မှ (၃၀) ရာခိုင်နှုန်းအထိ အသက်သေဆုံးနိုင်ပါသည်။ အသက်ရှင်ကျန်ရစ်သူများမှ ထက်ဝက် နီးပါးခန့်တွင် အကြောသေခြင်းနှင့် ဦးနှောက်ပျက်စီးခြင်းများ ဖြစ်စေနိုင်ပါသည်။
ရောဂါကူးစက်ပုံ
- ဂျပန်ဦးနှောက်ရောင်ရောဂါပိုးသည် ငှက်များနှင့် အိမ်မွေးတိရစ္ဆာန်များ၊ အထူးသဖြင့် ရေတွင်နားခိုကျက်စားသည့် တောငှက်ရိုင်းများနှင့် ဝက်များကို ရောဂါပိုးကူးစက်ဝင်ရောက်သည်။ ဝက်များသည် ရောဂါပိုး လက်ခံသိုလှောင်ရာ တိရိစ္ဆာန်ဖြစ်သည်။
- ရောဂါပိုး သယ်ဆောင်သော ခြင်များမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။
- ဆည်မြောင်းရေသွင်း စိုက်ပျိုးသောနေရာများတွင် ခြင်ပေါက်ပွားသောကြောင့် တစ်နှစ်ပတ်လုံး ကူးစက်ဖြစ်ပွားနိုင်သည်။ သို့သော် မိုးရာသီ ကာလတွင် အများဆုံး ဖြစ်ပွားတတ်သည်။
- ကျေးလက်နေလူထုများ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးသူများတွင် ဖြစ်ပွားမှုများပြားသည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
- ကာကွယ်ဆေးထိုးခြင်းသည် တစ်ခုတည်းသော အရေးပါဆုံး ကာကွယ်ထိန်းချုပ်ရေးနည်းလမ်း ဖြစ်ပါသည်။
- ဂျပန်ဦးနှောက်ရောင် ရောဂါပိုးသယ်ဆောင်သောခြင်များသည် ညနေစောင်း နေဝင်ရီတရောတွင် ကိုက်လေ့ရှိသောကြောင့် ကလေးများကို ခြင်ထောင်ဖြင့် အိပ်စေခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။
ကာကွယ်ဆေးထိုးသင့်သူများ
- ရောဂါကူးစက်ဖြစ်ပွားလွယ်သည့်နေရာများသို့ ခရီးသွားမည့်သူများသည် ခရီးမထွက်မီ (၁)လအလို ကြိုတင်ကာကွယ်ဆေးထိုးနှံ သင့်ပါသည်။ ကာလရှည်ခရီးထွက်သူများ၊ မကြာခဏခရီးသွားသူများ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကပ်အသွင်ဖြစ်ပွားနေသည့် နိုင်ငံများကို ခရီးသွားသူများနှင့် ကျေးရွာကို လည်ပတ်သူများမှာ အဓိက ထိုးနှံသင့်ပါသည်။
- အသက် (၉)လအရွယ်မှစ၍ လူကြီးများ၊ လူငယ်များအားလုံး ကြိုတင်ကာကွယ်ဆေး ထိုးနှံနိုင်ပါသည်။