ပလိပ်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်သော ရောဂါတစ်မျိုးဖြစ်ပြီး ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ လူတွင် နောက်ဆုံးပလိပ်ရောဂါဖြစ်ပွားမှုမှာ (၁၉၉၄)ခုနှစ်သည် နောက်ဆုံးဖြစ်သော်လည်း ပလိပ်ရောဂါသည် အချိန်မရွေး ဖြစ်ပွား၍ ကူးစက်ပျံ့နှံ့နိုင်ပြီး အသက်သေဆုံးနိုင်ပါသည်။
ပလိပ်ရောဂါအမျိုးအစားများနှင့် ၎င်းတို့၏ ရောဂါလက္ခဏာများ
၁။ အကျိတ်ပလိပ်
- ဖျားခြင်း
- ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း
- ပေါင်ခြံ၊ ချိုင်းနှင့် လည်ပင်းတို့တွင် အကျိတ်များထွက်ခြင်း၊ နာကျင်ခြင်းနှင့် ပြည်တည်ခြင်း
၂။ သွေးပလိပ်
အကျိတ်ပလိပ်ရောဂါပြင်းထန်ပါက ရောဂါပိုးသည် လျင်မြန်စွာ သွေးထဲရောက်ရှိပြီး သွေးပလိပ်ရောဂါဖြစ်ပွား၍
- သွေးဆိပ်တက်ခြင်း
- တစ်ကိုယ်လုံးရှိ သွေးကြောများအတွင်းတွင် သွေးခဲခြင်း
- ကိုယ်တွင်းကလီစာများ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။
၃။ အဆုတ်ပလိပ်
သွေးထဲမှ ရောဂါပျံ့နှံ့ပြီး အဆုတ်သို့ ရောက်ရှိလာလျှင်သော်လည်းကောင်း၊ အဆုတ်ပလိပ်လူနာထံမှ ရောဂါပိုးများ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ကူးစက်ခံရခြင်းဖြင့်သော်လည်းကောင်း ရောဂါဖြစ်ပွားပြီး
- ချောင်းဆိုးသွေးပါခြင်း
- ပြာနှမ်းခြင်း
- အသက်ရှူမြန်ခြင်းစသည့် လက္ခဏာများတွေ့ရှိရတတ်ပြီး သေဆုံးမှု မြင့်မားတတ်သည်။
ကူးစက်နိုင်သည့် နည်းလမ်းများ
ပလိပ်ရောဂါပိုးသည် ပထမဆုံး ကြွက်တွင် ရောဂါကူးစက်ပြန့်ပွားနိုင်ပြီး ပလိပ်ရောဂါဖြစ်နေသော ကြွက်၏ ခန္ဓာကိုယ်ပေါ်မှ ကြွက်လှေ များမှ ရောဂါရှိသော ကြွက်၏သွေးကို စုပ်ယူစားသုံးရာမှတစ်ဆင့် ကြွက်လှေများတွင် ရောဂါကူးစက်မှု ဖြစ်လာပါသည်။
ရောဂါရှိသော ကြွက်များ ပလိပ်ရောဂါကြောင့် သေဆုံးသောအခါ ကြွက်လှေများသည် ၎င်းတို့အတွက် အစာသွေး မရနိုင်သောကြောင့် သေဆုံးသောကြွက်၏ ခန္ဓာကိုယ်ပေါ်မှ စွန့်ခွာကြပြီး အဆိုပါကြွက်အား ထိတွေ့ကိုင်တွယ်သည့်လူနှင့် အခြားကြွက်များကို ကိုက်ခြင်းအားဖြင့် ပလိပ်ရောဂါ ကူးစက်ပျံ့နှံခြင်း ဖြစ်သည်။ အဆုတ်ပလိပ်ရောဂါဖြစ်ပွားပါက လေမှတစ်ဆင့်ပင် ကူးစက်နိုင်ပါသည်။
ကပ်ရောဂါအသွင်ဖြစ်ပွားစေရန် သတိပြုရမည့်အချက်များ
၁။ ကြွက်ကျခြင်း
ကြွက်သတ်ဆေးတစ်မျိုးမျိုး သုံးစွဲထားခြင်းမရှိဘဲ ကြွက်သေများကို တစ်အိမ်တွင် အနည်းဆုံး ကြွက်သေတစ်ကောင်နှင့် တစ်ရပ်ကွက်တွင် အနည်းဆုံးတစ်အိမ်တွင် ကြွက်သေတွေ့ရှိခြင်းကို ကြွက်ကျခြင်းဟုခေါ်သည်။
၂။ သံသယလူနာရှိခြင်း
သံသယ ပလိပ်ရောဂါလက္ခဏာများရှိသော လူနာအားတွေ့ရှိလျှင် နီးစပ်ရာကျန်မာရေးဌာနသို့ အမြန်ပြသ၍ သတင်းပေးပို့ရပါမည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
၁။ ကြွက်နှိမ်နင်းရေး
ကြွက်လုံသော အဆောက်အဦးဖြစ်အောင် ပြုပြင်မွမ်းမံခြင်း (အိမ်တွင်းမှ ရေထွက်ပေါက်များ၊ ခေါင်တိုက်အပေါက်များအား (၁/၄) လက်မ အရွယ်အစားဖြင့် ပြုလုပ်ခြင်းနှင့် ထို့ထက်ကြီးပါက အဝများကို ပတ္တာပါသည့် အပိတ်ရှင်များ (သို့မဟုတ်) (၁/၄)လက်မထက် မကျယ်သော သံဇကာကွက်များကို အရှင်တပ်ဆင်ခြင်း)
- ကြွက်များအား ဖမ်းဆီးနှိမ်နင်းခြင်း (ကြွက်သတ်ဆေး၊ ကြွက်ထောင်ချောက်၊ ကြွက်ကပ်ကော် ဆေးဘူးနှင့် တိပ်ပြားတို့အား အသုံးပြု၍ နှိမ်နင်းခြင်း)
- ကြွက်ကျခြင်း ဖြစ်ပွားနေချိန်နှင့် ကြွက်ပလိပ်ရောဂါဟု သံသယဖြစ်နေချိန်တွင် ကြွက်နှိမ်နင်းရေး မပြုလုပ်သင့်ပါ။ ကြွက်သေမှ ကြွက်လှေများ လွတ်ထွက်ပြီး ရောဂါပျံ့နှံ့ကူးစက်နိုင်ချေ ရှိသောကြောင့် ဖြစ်သည်။ ၎င်းအချိန်တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ဈေးသန့်ရှင်းရေးကို ဆောင်ရွက်ရမည်။
- ကြွက်ကျချိန်တွင် ကြွက်လှေးနှိမ်နင်းခြင်းကို ပထမဦးစွာ ဆောင်ရွက်ပြီးမှ ကြွက်နှိမ်နင်းရေးအား ဆက်တိုက်ဆောင်ရွက်ရမည်။
၂။ ကြွက်ကျခြင်းကို စောင့်ကြပ်ကြည့်ရှုထောက်လှမ်းခြင်း
ကြွက်သတ်ဆေးတစ်မျိုးမျိုး သုံးစွဲထားခြင်းမရှိဘဲ မိမိဒေသပတ်ဝန်းကျင်တွင် ကြွက်သေများတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ဆောင်ရွက်ရန် လိုအပ်ပါသည်။
၃။ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ
မြို့၊ ရွာများအတွင်းရှိ လမ်းများ၊ ဈေးများနှင့် အခြားအများပြည်သူနေထိုင်ရာ နေရာများ၌ ကြွက်များ ရှင်သန်ပေါက်ဖွားမှု မရှိစေရေးအတွက် အညစ်အကြေးနှင့် အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရမည်။