ဦးနှောက်အမြှေးရောင်ရောဂါ (Meningococcal Meningitis) သည် အများအားဖြင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး ကူးစက်မြန် ရောဂါတစ်ခု ဖြစ်သည်။ ကျား/မ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက် (၇)နှစ်မှ (၁၄)နှစ်အတွင်းရှိ ကလေးများတွင် ပိုမိုဖြစ်ပွားလေ့ ရှိပါသည်။
ရောဂါလက္ခဏာများ
- လတ်တလော ပြင်းထန်စွာဖျားခြင်း
- ပြင်းထန်စွာခေါင်းကိုက်ခြင်း
- ဇက်တောင့်ခြင်း
- ကြွက်သားများနာကျင်ခြင်း
- အန်ခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်း
- သွေးလန့်ခြင်း၊ တက်ခြင်း
- အရေပြားတွင် သွေးခြေဥများ ထွက်ခြင်း
- ငယ်ထိပ်မပိတ်သေးသော (၁)နှစ်အောက် ကလေးများတွင် ငယ်ထိပ်ဖောင်းခြင်း၊ တင်းခြင်း
အထက်ပါ ရောဂါလက္ခဏာဖြစ်ပွားလာပါက (၂)နာရီမှ (၄၈)နာရီအတွင်း ရောဂါပြင်းထန်လာကာ အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။
ရောဂါဖြစ်ပွားပြီးအသက်ရှင်သူများတွင် ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဦးနှောက်ချို့ယွင်း၍ အကြားအာရုံဆုံးရှုံးခြင်း၊ ပညာသင်ကြားရန် အခက်အခဲရှိခြင်းတို့ ဖြစ်တတ်ပါသည်။
ကူးစက်နိုင်သည့် နည်းလမ်းများ
- လူသည် တစ်ခုတည်းသော ရောဂါပိုး သိုလှောင်ရာဌာနဖြစ်သည်။
- ရောဂါပိုးသည် ရောဂါပိုးရှိသူလူနာ ချောင်းဆိုးခြင်း၊ နှာချေခြင်းမှထွက်သော သလိပ်မှုန်များမှတစ်ဆင့် တိုက်ရိုက်ကူးစက်သည်။
- ရောဂါဖြစ်ပွားသူ၏ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်မှထွက်သော အရည်နှင့် အသုံးအဆောင်ပစ္စည်းများကို ထိတွေ့မိခြင်းတို့မှလည်း ကူးစက်နိုင်သည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
- အောက်ဖော်ပြပါ အခြေအနေများကို ဆောင်ရွက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရမည်။
- အစာမစားမီနှင့် အစာစားပြီးချိန်
- အစားအစာမပြင်ဆင်မီနှင့် ပြင်ဆင်ပြီးချိန်
- ကြက်၊ ငှက်အသားများနှင့် ကြက်၊ ငှက် စွန့်ပစ်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်
- လူနာအသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်နှင့် လူနာကို ပြုစုပြီးချိန်
- နှပ်ညှစ်ပြီးချိန်၊ နှာချေ၊ ချောင်းဆိုးပြီးချိန်
- နှာချေ၊ ချောင်းဆိုးသောအခါ ပါးစပ်နှင့် နှာခေါင်းစည်း အသုံးပြုခြင်း၊ တစ်ရှူး၊ လက်ကိုင်ပဝါ (သို့မဟုတ်) မိမိလက်အား တံတောင်ဆစ် ကွေး၍ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ပေးခြင်းပြုလုပ်ပါ။
- တံတွေး၊ သလိပ်များကို စည်းကမ်းမဲ့ထွေးခြင်းမှ ရှောင်ကြဉ်ပါ။
- ပွဲလမ်းသဘင်၊ လူစည်ကားသောနေရာနှင့် ဖုန်ထူထပ်သော နေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
- ရောဂါဖြစ်ပွားသူများ၊ ရောဂါရှိသည်ဟု ယူဆရသူများနှင့် တွေ့ဆုံရန် လိုအပ်ပါက ရောဂါမကူးစက်စေရန် နှာခေါင်းနှင့် ပါးစပ်ဖုံးအုပ်ထားသော မျက်နှာဖုံး အကာအကွယ်နှင့် အခြားအကာအကွယ်ပစ္စည်းကို အသုံးပြုပါ။
- ယုံကြည်စိတ်ချရသော ကြိုတင်ကာကွယ်ဆေး (Meningococcal Vaccine) ထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။
ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း
- ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ရောဂါဖြစ်သူနှင့် အနီးကပ်အတူနေ မိသားစုဝင်များ၊ အခန်းဖော်များ၊ ရောဂါဖြစ်ပွားသူအား ထိတွေ့ ကိုင်တွယ်သူများကိုသာ တိုက်ကျွေးသင့်ပါသည်။
- အုပ်စုလိုက် ရပ်ကွက် / ရွာလုံးကျွတ် ကာကွယ်ဆေး တိုက်ကျွေးခြင်း မပြုလုပ်ပါနှင့်။
သိမှတ်ဖွယ်ရာအချက်များ
- ခြောက်သွေ့ အေးမြသော၊ ပူပြင်းသော၊ ရာသီများတွင် ရောဂါပိုမိုဖြစ်ပွားသည်။
- လေထုစိုထိုင်းမှုနည်း၍ ခြောက်သွေ့ခြင်း၊ ဖုန်ထူခြင်းနှင့် ပွဲလမ်းသဘင်များသည် ရောဂါဖြစ်ပွားစေသည့် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများသည့် အခြေအနေများဖြစ်သည်။
- လူစုလူဝေးနှင့် နေထိုင်မှုသည် ရောဂါပိုမိုပျံ့နှံ့လွယ်သည်။