မိခင်နှင့်ကလေး ကျန်းမာရေးအတွက် ကလေးတစ်ဦးနှင့် တစ်ဦးကြား အနည်းဆုံး(၂)နှစ် မှ (၃)နှစ် သားဆက်ခြားပါ။ သားဆက်ခြား ရာတွင် ရှေးဦးစွာ အတိုင်ပင်ခံဆွေးနွေးမှုခံယူပြီး မိမိနှင့်သင့်တော်သော သားဆက်ခြားနည်းလမ်းကို ရွေးချယ်ပါ။
၁။ နေ့စဉ်သောက် စားဆေး
ရာသီသွေးစပေါ်သည့်ရက်မှ (၅) ရက်အတွင်း စပြီး သောက်ပါ။ စားဆေးသည် ကလေး (၆)လအောက် နို့တိုက်မိခင်များ၊ ရင်သား အဖုအကျိတ်ရှိသူများ၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါရှိသူများတွင် သောက်သုံးရန် မသင့်ပါ။ အသက်(၃၅)နှစ်ကျော် ဆေးလိပ်သောက်သော အမျိုးသမီးများလည်း သောက်သုံးရန်မသင့်ပါ။
၂။သုံးလခံ သားဆက်ခြားထိုးဆေး
ရာသီသွေးစပေါ်သည့်ရက်မှ (၅) ရက်အတွင်း ထိုးနိုင်ပါသည်။ ကလေးမီးဖွားပြီးသူများ မွေးဖွားပြီး (၄၂) ရက်တွင် ဆေးထိုးနိုင် ပါသည်။ ပထမဆေးထိုးပြီး (၃)လအကြာတွင် နောက်တစ်လုံး ထပ်ထိုးပါ။ အလွန်အမင်းဝသူများ၊ အသည်းရောင် အသားဝါ ရောဂါရှိသူများ၊ ရင်သားကင်ဆာ၊ အခြားကင်ဆာ ရောဂါရှိသူများ ထိုးဆေးထိုးရန် မသင့်ပါ။ အသားထိုးဆေးနှင့် အရေပြားအောက် ထိုးဆေးဟူ၍ (၂)မျိုးရှိပါသည်။
၃။ ကွန်ဒုံး
သန္ဓေတားလိုလျှင်သော်လည်းကောင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်ရန်လည်းကောင်း အသုံးပြု နိုင်သည်။
၄။ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း
ရာသီသွေးပေါ်နေချိန် (သို့) ပေါ်ပြီးအချိန်၊ မီးဖွားပြီး (၄၈)နာရီအတွင်း (သို့) (၄)ပတ်ကျော်လျှင်၊ သားလျှောပြီးလျှင်ပြီးချင်း ပိုးဝင်သည့် လက္ခဏာမရှိလျှင် ထည့်သွင်းနိုင်ပါသည်။ ကိုယ်ဝန်မရှိကြောင်း သေချာလျှင် ရာသီစက်ဝန်း၏ မည်သည့်အချိန်တွင် မဆို ထည့်နိုင်သည်။ နို့တိုက်မိခင်များ၊ စားဆေး၊ ထိုးဆေးများနှင့် မတည့်သော သားဆက်ခြားလိုသူများနှင့် သင့်တော်ပါသည်။ ကိုယ်ဝန်ဆောင်နိုင်ခြေရှိသော အမျိုးသမီးတိုင်း ထည့်သွင်းနိုင်ပြီး မီးဖွားပြီးသူဖြစ်ရန် မလိုပါ။
၅။ လက်မောင်းအရေပြားအောက်သွ င်း သားဆက်ခြားပစ္စည်း
ရာသီသွေးပေါ်နေချိန် (သို့) ပေါ်ပြီးစအချိန်၊ ကလေးမွေးပြီး(၄)ပတ်အကြာတွင် ထည့်သွင်းနိုင်ပါသည်။ ကိုယ်ဝန်မရှိကြောင်း သေချာလျှင် ရာသီစက်ဝန်း၏ မည်သည့်အချိန်တွင်မဆို ထည့်နိုင်သည်။ အသက်အရွယ်မရွေး ထည့်သွင်းနိုင်ပြီး မီးဖွားပြီးသူဖြစ်ရန် မလိုပါ။
၆။ အရေးပေါ်သန္ဓေတားသောက်ဆေး
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ သုံးနေကျသန္ဓေတားနည်းလမ်းများ သုံးစွဲမှုလွဲမှားခြင်းနှင့် လိင်မှုဆိုင်ရာအကြမ်းဖက်ခံရခြင်း တို့ဖြစ်ပွားပြီးနောက် နာရီပေါင်း (၁၂၀)အတွင်း စောနိုင်သမျှစောစွာသောက်ခြင်းဖြင့် ကိုယ်ဝန်မရအောင် ကာကွယ်ပေးပါသည်။ ကိုယ်ဝန်ပျက်ခြင်းကို မဖြစ်စေပါ။
အတိုင်ပင်ခံဆွေးနွေးမှုခံယူပြီး သားဆက်ခြားပါ။