မူးယစ်ဆေးစွဲလက္ခဏာများ
မူးယစ်ဆေးစွဲနေသူတစ်ဦးသည်မူးယစ်ဆေးဝါး မသုံးစွဲရပါက အောက်ပါလက္ခဏာများကို ခံစားရပါသည်။
စိတ်ပိုင်းဆိုင်ရာလက္ခဏာများ
ဆေးသုံးစွဲလိုသည့် ဆန္ဒပြင်းထန်ခြင်း၊စိုးရိမ်လွန်ကဲခြင်း၊ ဂနာမငြိမ်ခြင်း၊ စိတ်တိုခြင်း၊ ရန်ပြုရန်လိုစိတ်ဖြစ်ပေါ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း
ခန္ဓာကိုယ်ဆိုင်ရာလက္ခဏာများ
သမ်းဝေခြင်း၊ နှာရည်ယိုခြင်း၊ ကြက်သီးထခြင်း၊ ချွေးသီးချွေးပေါက်များထွက်ခြင်း၊ ကိုက်ခဲခြင်း၊ ပျို့အန် ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း
သုံးစွဲခြင်းအကြောင်းရင်းများ ၊
- စူးစမ်းလိုခြင်း၊ စမ်းသပ်လိုခြင်း
- အပေါင်းအသင်း ဆွဲဆောင်မှုကြောင့် သုံးခြင်း
- မူးယစ်ဆေးစွဲသူ အပေါင်းအသင်းဆန္ဒကို မလွန်ဆန်နိုင်ခြင်း၊ အထင်ကြီးအားကျမိခြင်း
- အသိုင်းအဝိုင်းမှ ခွဲထုတ်ရန် ခက်ခဲခြင်း ၊
- မူးယစ်ဆေးဝါးအကြောင်း ဗဟုသုတနည်းပါးခြင်း
- စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့် ဆေးဝါးအဖြစ် သုံးစွဲရာမှ ဆက်လက်သုံးစွဲမိခြင်း
- ပင်ကိုယ်ဗီဇနှင့် ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းခြင်းကြောင့် သုံးစွဲခြင်း
- လူမှုရေးပြဿနာတစ်ခုခုကြောင့် သုံးစွဲခြင်း
- မိသားစုအတွင်း ဆက်ဆံရေးမပြေလည်ခြင်း
မူးယစ်ဆေးဝါးဆိုးကျိုးများ
စိတ်ပိုင်းဆိုင်ရာထိခိုက်မှု
- စိတ်ကျရောဂါဖြစ်ခြင်း
- မှတ်ဉာဏ်ချို့ယွင်းခြင်း
- အာရုံစူးစိုက်နိုင်မှု လျော့ပါးလာခြင်း
- မိမိကိုယ်ကို သေကြောင်းကြံခြင်း
- မိမိ မိသားစုနှင့် မိမိလုပ်ငန်းအပေါ်စိတ်ဝင်စားမှုနည်းလာခြင်း
- ပြင်းထန်စွာ စိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း
ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု
- AIDS ခေါ် ခုခံအားကျဆင်းမှုကူးစက်ရောဂါဖြစ်ခြင်း
- ဆေးလွန်သဖြင့် မိန်းမောစွာအိပ်ပျော်ခြင်း၊ သတိလစ်မေ့မျောသွားခြင်း၊ အခန့်မသင့်လျှင် အသက်ဆုံးရှုံးရခြင်း
- ထုံနာကျဉ်နာ၊ အကြောသေရောဂါဖြစ်ခြင်း
- ဝက်ရူးပြန်တတ်ခြင်း
- နှလုံးရောဂါဖြစ်ခြင်း (ဥပမာ- နှလုံးအားနည်းရောဂါ)
- အဆုတ်ရောင်ရောဂါဖြစ်ခြင်း (ဥပမာ- တီဘီရောဂါ)
- ဆေးထိုးအပ်တစ်ခုတည်းကို ဝေမျှသုံးစွဲခြင်းကြောင့် အိပ်ခ်ျအိုင်ဗွီနှင့် အသည်းရောင်အသားဝါဘီနှင့် စီရောဂါ အပါအဝင် သွေးမှတစ်ဆင့် ကူးစက်သောရောဂါများဖြစ်ပေါ်ခြင်း
- သွေးကြောပိတ်ရောဂါဖြစ်ခြင်း ၊
- ခန္ဓာကိုယ်အနှံ့အပြားတွင် အနာစိမ်းများပေါက်၍ သွေးဆိပ်တက်ခြင်း
လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှု
- မူးယစ်ဥပဒေအရအရေးယူခံရခြင်း
- ပတ်ဝန်းကျင်၌သိက္ခာကျဆင်းခြင်း
- မိသားစုအတွင်း ဆက်ဆံရေးတွင် အဆင်မပြေခြင်း၊ မိသားစုဝင်များစိတ်ဆင်းရဲရခြင်း
- ရာဇဝတ်မှုမကင်းသည့် အပြုအမူများ ပြုလုပ်တတ်လာခြင်း
- မူးယစ်ဆေးစွဲမှုသည် ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းတွင် အလွယ်တကူ ပြန့်ပွားနိုင်သည့် အန္တရာယ်ရှိခြင်း
စိတ်ကြွရူးသွပ်ဆေး (ATS)
စိတ်ကြွရူးသွပ်ဆေးဆိုသည်မှာ အက်ဖီဒရင်း၊ ကာဖင်းစသောဓာတုဗေဒပစ္စည်းများကို အခြေခံကာ လူတို့ဖန်တီးပြုလုပ်ထားသော ဆေး တစ်မျိုးဖြစ်ပြီး Amphetamine Type Stimulants (ATS) ခေါ် စိတ်ကြွရူးသွပ်ဆေးသည် ဗဟိုနာ့ဗ်ကြောအဖွဲ့ ကို လှုံ့ဆော်သည်။
ဆေးအမျိုးအမည်များ
- အမ်ဖီတမင်း (Amphetamine)
- မီသိုင်းလ်ဖင်နီဒိတ် (Methylphenidate)
- အက်စ်တာစီ (Ecstasy)
- မက်အမ်ဖီတမင်း (Methamphetamine)
- ဖင်မီထရာဇင်း (Phemetrazine)
ယေဘုယျအခေါ်အဝေါ်များ (မက်အမ်ဖီတမင်း)
- အိုက်စ် (Ice)
- ရာဘာ (Yaba)
- စပိဒ် (Speed)
- ရှဘူး (Shabu)
- ရာမ (Yama)
စိတ်ကြွရူးသွပ်ဆေး၏ အန္တရာယ်များ
လတ်တလောတွေ့ကြုံရမည့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ
- မျက်စိသူငယ်အိမ်ကျယ်ခြင်း
- ချွေးထွက်များခြင်း
- အစားအသောက်ပျက်ခြင်း
- အသက်ရှူမြန်ခြင်း
- သွေးတိုးခြင်း
- မထင်မှတ်ဘဲ အမူအရာများ ကြမ်းတမ်းလာခြင်း
- ကိုယ်ဝန်ဆောင်မိခင် စိတ်ကြွရူးသွပ်ဆေးသုံးစွဲပါက သန္ဓေသားအား ပျက်စီးစေခြင်း၊ အချိန်မတိုင်မီ မွေးဖွားခြင်း၊ ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းနှင့် မွေးဖွားသောကလေးတွင် ယင်းထသော လက္ခဏာများ ဖြစ်ပေါ်စေခြင်း။
လတ်တလောကြုံတွေ့ရမည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊
- စကားများခြင်း
- ရုတ်တရက်ရူးသွပ်ခြင်း
- ဂနာမငြိမ်ခြင်းနှင့် စိုးရိမ်ကြောက်လန့်စိတ်များခြင်း
- မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ခြင်း၊ ဘဝင်မြင့်ခြင်း
- ထင်ယောင်ထင်မှား အာရုံများဖြစ်ပေါ်လာခြင်း
- ရန်လိုခြင်းနှင့် ဒေါသထွက်ခြင်း
ရေရှည်သုံးစွဲသူများတွင် တွေ့ရသည့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ
- ရှူခြင်း၊ ရှို့ခြင်းကြောင့် နှာခေါင်းကြွက်သားမျှင်ပျက်စီးခြင်း
- ရှူရှိုက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းထိခိုက်ခြင်းနှင့် အဆုတ်ကင်ဆာ ပိုမိုဖြစ်ပွားခြင်း
- ဆေးထိုးအပ်တစ်ခုတည်းကို ဝေမျှသုံးစွဲခြင်းကြောင့် အိပ်ခ်ျအိုင်ဗွီ၊ အသည်းရောင်အသားဝါ ဘီ နှင့် စီ အပါအဝင် သွေးမှတဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါပိုးအန္တရာယ် ပိုမိုများပြားစေခြင်း
- ခံတွင်းပျက်သောကြောင့် အာဟာရချို့တဲ့ခြင်း၊ ကိုယ်ခန္ဓာပိန်ချုံးခြင်း၊ အရေပြားရောဂါဖြစ်ခြင်း
- သွားများ ထိခိုက်ပျက်စီးခြင်း
စိတ်ကြွရူးသွပ်ဆေးကို ရေရှည်သုံးစွဲခြင်းဖြင့် အောက်ပါတို့ကို ခံစားရနိုင်ပါသည်။
- မှတ်ဉာဏ်စွမ်းရည် ဆုံးရှုံးခြင်း
- ရေရှည်အိပ်ရေးပျက်ခြင်းကြောင့် မှန်မှန်ကန်ကန်ဝေခွဲမဆုံးဖြတ်နိုင်ခြင်း
- မသုံးစွဲရ မနေနိုင်အောင် အလွန်အမင်းစွဲလမ်းလာခြင်း
- ပျော်ရွှင်မှုခံစားနိုင်စွမ်း လျော့ပါးလာခြင်း
- စိတ်ပိုင်းဆိုင်ရာ ဝေဒနာအခံရှိသူများသုံးစွဲလျှင် စိတ်ရောဂါဝေဒနာပိုမို ဆိုးရွားသွားနိုင်ခြင်း
- သံသယလွန် စိတ်ရောဂါခံစားရခြင်း
- စိတ်ဓာတ်ကျ၍ သတ်သေချင်စိတ်ဖြစ်ခြင်း
လူမှုရေးထိခိုက်မှုများ
- ရာဇဝတ်မှုများ ကျူးလွန်နိုင်ခြင်း
ဆေးလွန်ကဲမှုလက္ခဏာများမှာ
(၁) သူငယ်အိမ်ကျဉ်းမြောင်းသွားခြင်း
(၂) စကားပြောရာတွင် မပီသတော့ခြင်း
(၃) လှုပ်ရှားမှုနှေးကွေးလာခြင်း
(၄) နှလုံးခုန်နှုန်းနှေးလာခြင်း
(၅) အသက်ရှူနှုန်းနှေးလာခြင်း
(၆) မေ့မြောခြင်း
(၇) အသက်ဆုံးရှုံးရခြင်း
မက်သာဒုံးအစားထိုးကုသခြင်း
မက်သာဒုံးဆိုသည်မှာ လူတို့၏ ဓာတုဗေဒနည်းဖြင့် ဖော်စပ်ထားသော ဘိန်းအာနိသင်ရှိ ဆေးတစ်မျိုး ဖြစ်ပါသည်။
မက်သာဒုံးဆေးသည် ဆေးစွဲခြင်းကို ပျောက်ကင်းအောင်ကုသနိုင်သော ဆေးမဟုတ်ပါ။ မက်သာဒုံးဆေးသည် ဆေးစွဲမှု၏ နောက်ဆက်တွဲ အန္တရာယ်များလျော့ချရန် ရည်ရွယ်ပါသည်။
မက်သာဒုံးဆေး၏ အာနိသင်များ
- ကိုယ်လက်နာကျင်ကိုက်ခဲမှု သက်သာစေခြင်း
- စိတ်ကို လန်းဆန်းတက်ကြွစေခြင်း
- ချောင်းဆိုးသက်သာစေခြင်း
- ဘိန်းနှင့်အာနိသင်တူညီခြင်းကြောင့် ဘိန်းအစားထိုးဆေးဝါးအား အသုံးပြုနေသော ဝေဒနာရှင်လူနာများ၌ ဆေးဝါးပြတ်လပ်မှုကြောင့် ပေါ်ပေါက်လာသည့် သွင်ပြင်လက္ခဏာများ ပပျောက်ခြင်းနှင့်အတူ ဆေးကိုတောင့်တနေသည့် စိတ်ဆန္ဒကိုလည်း လျော့နည်းသက်သာ စေခြင်း
- ဆေးအာနိသင် တာရှည်ခံခြင်းကြောင့် တစ်နေ့တစ်ကြိမ်သာ အသုံးပြုရသဖြင့် အခြားအလုပ် လုပ်ရန် အချိန်ပိုရရှိစေခြင်း
ဘေးထွက်ဆိုးကျိုးများ
- မူးနောက်ရီဝေခြင်း
- ချွေးထွက်လွန်ခြင်း
- ကာမဆန္ဒလျော့နည်းခြင်း
- ဝမ်းချုပ်ခြင်း
- အာခေါင်ခြောက်ကပ်ခြင်း
- အမျိုးသမီးများ ဓမ္မတာမမှန်ခြင်း
သတိပြုရန်အချက်များ
- မက်သာဒုံးဆေးကို နေ့စဉ်အချိန်မှန်မှန်သောက်ပါ။
- အချိန်အတိုင်းအတာတစ်ခုအထိ အစားထိုးကုသမှုခံယူပါ။
- မိမိနှင့်သင့်လျော်မည့် အမှန်တကယ် လုံလောက်သော ဆေးပမာဏကို ကျွမ်းကျင်သော ဆရာဝန်နှင့် ညှိနှိုင်းတိုင်ပင်ပါ။ အရက်၊ စိတ်ငြိမ်ဆေး (ဒိုင်ယာဇီပင်)တို့နှင့် ပူးတွဲရောနှောသောက်သုံးပါက ဆေးလွန်ခြင်း အန္တရာယ်ရှိနိုင်ပါသည်။
- ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ သောက်သုံးမိပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် မိမိသောက်သုံးမည့် ဆေးအား လုံခြုံစိတ်ချစွာ သိမ်းဆည်းပါ။