ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၈) မကူးစက်နိုင်သ...
  5. ၈.၁၃ အရက်စွဲအန္တရာယ်

၈.၁၃ အရက်စွဲအန္တရာယ်

အရက်ကို လွန်ကျွံစွာနှင့် စွဲလန်းစွာသောက်သုံးခြင်းကြောင့် ဖြစ်ပွားတတ်သောရောဂါများမှာ အသည်း ရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောထိခိုက်ခြင်း၊ စိတ်ရောဂါများဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။

အရက်ကြောင့်ဖြစ်သောရောဂါများ

  • ကယောင်ကတမ်းဖြစ်ခြင်း၊ ကြောက်လန့်ခြင်း၊ အချိန်၊ နာရီ၊ နေရာ၊ လူ ခန့်မှန်းနိုင်စွမ်းမရှိခြင်း၊ ကြောက်လန့်စရာများ မြင်ရခြင်း၊ အသံဗလံများ ကြားရခြင်း၊ ပိုးမွှားများ ခန္ဓာကိုယ်ပေါ် ရွစိရွစိသွားသလို ခံစားရခြင်း၊ လက်တုန်ခြင်း
  • အရက်အလွန်အကျွံ သောက်သည့်အခါတွင် လူမရှိဘဲ နားထဲတွင် ခေါ်သံများ၊ ခြိမ်းခြောက်သံများ၊ စော်ကားမော်ကားသံများ ကြားနေ ရတတ်ခြင်း
  • အတက်ရောဂါ ဖြစ်တတ်ခြင်း (ဝက်ရူးပြန်ရောဂါကဲ့သို့ တက်ခြင်း)
  • အရက်ကို ရုတ်တရက်ဖြတ်လိုက်ပါက အရက်ဖြတ် လက္ခဏာများဖြစ်ပေါ်လာခြင်း
  • စိတ်ဓာတ်ကျရောဂါ ဖြစ်တတ်ခြင်း ၊
  • အရက်ငန်းဖမ်းခြင်း၊ အိပ်မပျော်ခြင်း
  • စိတ်ဖောက်ပြန်ခြင်း
  • ပန်းသေ ပန်းညှိုးရောဂါဖြစ်ခြင်း
  • ဦးနှောက်ချို့ယွင်းခြင်း
  • သားသမီးမရခြင်း
  • အရက်နှင့်မတည့်သောသူများသည် အရက်အနည်းငယ်သောက်ရုံဖြင့် ရုတ်တရက် စိတ်ဖောက်ပြန်တတ်ခြင်း
  • မိမိ၏ဇနီးကို အထင်အမြင်လွဲမှားခြင်းများ ဖြစ်တတ်ခြင်း
  • အရက်ကြောင့် ရာဇဝတ်မှု ကျူးလွန်သည်အထိ ဖြစ်နိုင်ခြင်း

အထက်ပါဆိုးကျိုးများကို မခံစားရစေရန် အရက်သောက်သုံးခြင်း၊ အထူးသဖြင့် အလွန်အကျွံ သောက်သုံးခြင်း၊ အရက်ကို စွဲလမ်းစွာသောက်သုံးခြင်းတို့မှ ရှောင်ကြဉ်ရန်လိုအပ်ပါသည်။

အရက်စွဲနေသူကို ကူညီကုသခြင်း

  • အရက်ကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်နိုင်ကြောင်းကို ဆွေးနွေးပေးပါ။
  • နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွင် စနစ်တကျ စစ်ဆေး ကုသမှု ခံယူရန် တိုက်တွန်းပါ၊ ကူညီပါ။
  • အရက်သောက်ထားစဉ် အန္တရာယ်ရှိသော စက်ယန္တရားနှင့် ယာဉ်များ မမောင်းရန် အကြံပေးပါ။
  • မသောက်ရမနေနိုင် စွဲလမ်းနေသူများ ၊ အရက်ကို နှစ်ရှည်လများ ဆက်တိုက်သောက်နေသူများသည် မိမိဘာသာ မည်သည့်ဆေးမျှမပါဘဲ ဖြတ်ပါက အန္တရာယ်ဖြစ်နိုင်သဖြင့် နားလည်တတ်ကျွမ်းသော ဆေးရုံ၊ ဆေးခန်းတို့တွင် ဖြတ်သင့်ပါသည်။ အရက်ဖြတ်ဆေးအား ဆရာဝန် ညွှန်ကြားမှသာ တိုက်ပါ။

အရက်ဖြတ်ထားသူတစ်ယောက်သည် အရက်ကို ပြန်လည်မသောက်မိစေရန် အောက်ပါတို့ကို သတိပြုဆင်ခြင်ရမည်။

  • အရက်သောက်သည့် အပေါင်းအသင်းများနှင့် မကြာခဏတွေ့ဆုံစားသောက်ခြင်း
  • အရက်သောက်သည့် အသိုက်အဝန်းသို့ ပြန်လည် ရောက်ရှိသွားခြင်း
  • ဝေဖန်ကဲ့ရဲ့မှုကို မခံနိုင်ခြင်း
  • စိတ်ခံစားလွယ်ပြီး အတက်အကျ မြန်လွန်းခြင်း
  • ဆုံးရှုံးခဲ့မှုများကို အမှတ်ရ ခံစားနေခြင်း
  • အိပ်ရေးပျက်ခြင်း
  • အားလပ်ချိန်၊ အချိန်ပိုများနေသော်လည်း အချိန်ကို အကျိုးရှိအောင် အသုံးမပြုတတ်ခြင်း

အရက်စွဲရောဂါဖြစ်ပွားပါက စိတ်ကျန်းမာရေးဆေးရုံနှင့် ကုသရေးဌာနများတွင် စနစ်တကျ ကုသမှုခံယူရန်လိုအပ်ပါသည်။