ကျွန်ုပ်တို့နိုင်ငံသည် ဒီမိုကရေစီအသွင်သစ်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုသို့ ရှေးရှုနေသည့် အချိန်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူလူထု၏ ကျန်းမာကြံ့ခိုင်မှု၊ ဉာဏ်အမြော်အမြင်ပြည့်ဝမှုတို့အပေါ် တည်မှီနေသည်ဖြစ်ပေရာ၊ နိုင်ငံသားတိုင်း ရောဂါဘယကင်းစွာဖြင့် ကျန်းမာစေရန်အတွက် ကျန်းမာရေးအသိပညာမြင့်မားစွာရှိနေရန် အရေးကြီးပါသည်။ ကျန်းမာရေးအသိပညာ မြင့်မားတိုးတက်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီက မိမိကိုယ်တိုင် ကျန်းမာစေရန် အသိတရားဖြင့် ထိန်းသိမ်းလာနိုင်မည်ဖြစ်ပြီး၊ မိသားစုနှင့် ပတ်ဝန်းကျင်တို့ကိုလည်း ကျန်းမာသောလူနေမှုဘဝသို့ တွန်းအားပေးပံ့ပိုးသွားနိုင် မည်ဖြစ်ပါသည်။ ထို့ပြင် မျိုးဆက်သစ်များအတွက် ကျန်းမာသော လူမှုဘဝပတ်ဝန်းကျင်ကို ကောင်းမွေအဖြစ် ချန်ရစ်ခဲ့နိုင်မည် ဖြစ်ပါသည်။

“ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ” စာအုပ်ပြုစုထုတ်ဝေခြင်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးစားပေးကဏ္ဍတစ်ခုဖြစ်သောကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းစဉ်များအနက်အဓိကလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ဤစာအုပ်ကို လက်ကိုင်ပြု၍ အခြေခံကျန်းမာရေးဝန်ထမ်းများသည် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။ ကျန်းမာရေးအသိပညာ မြင့်မားလာပါက ရောဂါဖြစ်ပွားမှုများကို ကြိုတင် ကာကွယ်နိုင်မည်။ ဆေးရုံဆေးခန်းများသို့ တက်ရောက်ကုသမှုများ လျော့နည်းသွားပေမည်။ ဆေးရုံတက်လူနာ လျော့နည်း လာသည်နှင့်အမျှ ကုသရေးစောင့်ရှောက်မှု အရည်အသွေး တိုးတက်လာနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ ငွေကြေး ကုန်ကျမှု နည်းပါးသွားမည်ဖြစ်ပါသည်။ အကျိုးဆက်အားဖြင့် ဆေးရုံတက်ရောက် ကုသရသည့်အတွက် လူမှုစီးပွားရေး အခက်အခဲများ လျော့နည်းကျဆင်းသွားမည်ဖြစ်ပါသည်။

ပြည်သူ့ကျန်းမာရေးကဏ္ဍ (Public Health) တိုးတက်မှသာ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မား တိုးတက်နိုင်မည်ဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်ပါသည်။ ပြည်သူ့ကျန်းမာရေးတိုးတက်ရန် အခြေခံအုတ်မြစ်တစ်ချပ်သဖွယ် ဖြစ်သည့် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေး (Health Literacy Promotion) အတွက် ကိုးကား မှီငြမ်းနိုင်မည့် ယခုစာအုပ်ကို ပထမအကြိမ် (Version-1)အဖြစ် ပြုစုထားပြီး၊ တိုးတက်များပြားလာသော ကျန်းမာရေး နည်းပညာများ၊ တွေ့ရှိချက်များအပေါ် မူတည်၍ ဆက်လက်ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤစာအုပ်ကို မိုဘိုင်းတယ်လီဖုန်း (Tablet)များတွင် ထည့်သွင်း၍ အခြေခံကျန်းမာရေးဝန်ထမ်းများ လွယ်ကူစွာ သယ်ယူအသုံးပြုနိုင်ရန် စီစဉ်လျက် ရှိပါသည်။ ထို့ပြင် အဓိကတိုင်းရင်းသား ဘာသာစကားများဖြင့် ပြန်ဆိုနိုင်ရန်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုစာအုပ်ဖြစ်မြောက်ရေးအတွက် အချိန်တိုအတွင်း အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိညာမြှင့်တင်ရေးဌာနခွဲ (Heath Literacy Promotion Unit)၊ ဝိုင်းဝန်းပံ့ပိုး ဖြည့်ဆည်းပေးကြသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးစီးဌာနများ၊ စီမံချက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနများ နှင့်ပူးပေါင်းဆောင်ရွက်ပေးသည့် သက်ဆိုင်ရာအဖွဲ့ အစည်းများအားလုံးကို အထူးပင် ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

(ဒေါက်တာမြင့်ထွေး)

ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန