ပြည်သူလူထုအတွင်း မှန်ကန်သော သတင်းအချက်အလက်များကို တပြေးညီရရှိစေရေး ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ” (Standardized Messages on Health) စာအုပ် ကို (၂၀၁၇)ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် ရေးသားပြုစုခဲ့ပြီး ဖြစ်ပါသည်။

စာအုပ်ဖြစ်မြောက်ရေးအတွက် အဆင့်ဆင့်ညှိနှိုင်းခြင်း၊ အကြိမ်ကြိမ်တည်းဖြတ် ပြင်ဆင်ခဲ့ခြင်းတို့ကို အချိန်ယူကာ ဆောင်ရွက်ခဲ့ရသော်လည်း ပြည့်စုံပြီဟု မဆိုသာပါ၊ လိုအပ်ချက်များ ရှိနေဦးမည်ဖြစ်ပါသည်။ သို့သော် ပထမအကြိမ် ထုတ်ဝေခြင်း (Version-01) ၏နောက်တွင် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါသည်။

ယခုစာအုပ် ထွက်ပေါ်လာရေးအတွက် လမ်းညွှန်မှုပေးခဲ့ပါသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးဆောင်ပေးခဲ့ပါသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များကို ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ဝိုင်းဝန်းအားဖြည့် ဆောင်ရွက်ပေးခဲ့သည့် ညွန်ကြားရေးမှူးများနှင့် စီမံချက်မန်နေဂျာများ၊ ဖြည့်စွက်အကြံပြုချက်များ ပေးပို့ခဲ့သော ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ /ဌာနမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအား လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။ စာအုပ်ထွက်ပေါ်လာရေးအတွက် တာဝန်ယူကာ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့သော ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ လုပ်ဖော်ကိုင်ဖက်များနှင့် ပံ့ပိုးဖြည့်ဆည်းခဲ့သော UNICEF အဖွဲ့မှ တာဝန်ရှိသူများကို ဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ရှိပါကြောင်း တင်ပြအပ်ပါသည်။

(ဒေါက်တာဖြူဖြူအေး)

ညွန်ကြားရေးမှူး ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ